ဧရာဝတီတိုင်းမ်
မေ ၉ ရက်
ဖိလစ်ပိုင်နိုင်ငံ၊ဆီဘူမြို့၌ ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးတွင် ဒေသတွင်းစွမ်းအင် ဖလှယ်မှုဆိုင်ရာမူဘောင်တစ်ရပ်ကို သဘောတူလိုက်ပြီး အမြန်ဆုံးအကောင်အထည်ဖော်ရန် တိုက်တွန်းကြောင်းသတင်းရရှိသည်။
၂၀၂၅ ခုနှစ် ဖီလစ်ပိုင်နိုင်ငံ၊ ဆီဘူးမြို့တွင် မေ ၅မှ ၉ ရက်နေ့အထိကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေး (၄၈)ကြိမ်မြောက်တွင် ယခုကဲ့သို့ဆုံးဖြတ်ခြင်းဖြစ်သည်။
အရှေ့တောင်အာရှ ခေါင်းဆောင်များသည် ဒေသတွင်း စွမ်းအင်ဖလှယ်မှုဆိုင်ရာ မူဘောင်တစ်ရပ်ကို သဘောတူနိုင်သော်လည်း အရှေ့အလယ်ပိုင်း အကျပ်အတည်း၏ ရိုက်ခတ်မှုများအပေါ် ချက်ချင်းတုံ့ပြန်နိုင်မည့် အစီအစဉ်တစ်ရပ်ကိုမူ ထိပ်သီးအစည်းအဝေးတွင်ချမှတ်နိုင်ခြင်းမရှိဘဲ ပြီးဆုံးကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူကျွန်းတွင် တွေ့ဆုံခဲ့ကြသော ခေါင်းဆောင်များသည် ရေနံတင်သွင်းမှုအပေါ် များစွာမှီခိုနေရသည့် ယခုဒေသအတွက် စုပေါင်းဆောင်ရွက်မည့် နည်းလမ်းများမှာ အရေးတကြီးလိုအပ်နေကြောင်း အလေးပေးပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့သွားမှုကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်ထောက်ပံ့မှု ပြတ်တောက်ခြင်းသည် ဒေသတွင်းနိုင်ငံများအတွက် မကြုံစဖူး စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေကြောင်းပါဝင်သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စီးပွားရေးအခြေခံ၍ မိမိဆန္ဒအလျောက် ပါဝင်သည့် ယခုမူဘောင်ကို အမြန်ဆုံးအတည်ပြုနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သော်လည်း လုပ်ငန်းစဉ်အသေးစိတ်ကိုမူ ဆက်လက်ညှိနှိုင်းရန် လိုအပ်နေသေးကြောင်း ဆိုသည်။
“ကျွန်တော်တို့ တတ်နိုင်သမျှ အရာအားလုံးကို ကြိုးစားလေ့လာနေပါတယ်” ဟု အဆိုပါ အစီအစဉ်ကို ဘာကြောင့် ချက်ချင်း အကောင်အထည်မဖော်နိုင်သနည်းဟူသော မေးခွန်းအပေါ် ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။

“ဘယ်လိုခွဲဝေမလဲ၊ ဘယ်သူက ဘာရမလဲ၊ ငွေပေးချေမှုကို ဘယ်လိုလုပ်မလဲ၊ ငွေပေးချေမှာလား ဒါမှမဟုတ် အလဲအလှယ်လုပ်မှာလား.။ဒါတွေက ကျွန်တော်တို့ အရင်က မလုပ်ဖူးသေးတဲ့ အရာတွေပါ။ ပြီးတော့ တခြား လိုအပ်နေတဲ့သူတွေကိုကော ဘယ်လိုလုပ်မလဲ၊ ဘယ်သူက အရင်ရမလဲဆိုတဲ့ မေးခွန်းတွေကိုလည်း ဆုံးဖြတ်ဖို့ လိုပါသေးတယ်” ဟု ၎င်းက ဆိုသည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခချုပ်ငြိမ်းရန် ကြိုးပမ်းမှုများနှင့်အတူ အာဆီယံခေါင်းဆောင်များသည် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးညှိနှိုင်းမှုဖြင့် အဖြေရှာရန် တောင်းဆိုသည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ဖွယ်ရှိကြောင်း Reuters သတင်းဌာနတွင်ဖော်ပြထားသည်။
ထို့အပြင် ပဋိပက္ခမဖြစ်ပွားမီက တစ်နေ့လျှင် သင်္ဘော အစီးရေ ၁၃၀ ခန့် ဖြတ်သန်းသွားလာနေပြီး ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံခန့် စီးဆင်းရာ လမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်လည်း တိုက်တွန်းသွားမည်ဖြစ်ကြောင်းပါဝင်သည်။
အာဆီယံဒေသတွင် လူဦးရေ သန်း ၇၀၀ နီးပါးရှိပြီး စုစုပေါင်း စီးပွားရေးတန်ဖိုး ဒေါ်လာ ၃.၈ ထရီလီယံရှိရာ ယခုစစ်ပွဲကြောင့် သိသာထင်ရှားသော ဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်နေရသည်။
ကမ္ဘာပေါ်တွင် စွမ်းအင်အရေးပေါ်အခြေအနေကို ဦးစွာထုတ်ပြန်ခဲ့သည့် နိုင်ငံများထဲတွင် ပါဝင်သော ဖိလစ်ပိုင်နိုင်ငံကလည်း အာဆီယံ ရေနံဖလှယ်ရေးမူဘောင်ကို အမြန်ဆုံး မိတ်ဆက်ရန် တွန်းအားပေးနေသည်။
နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေး တဟုန်ထိုး တိုးတက်နေသော်လည်း အဖွဲ့ဝင် ၁၁ နိုင်ငံအကြား ကွာဟချက်ကြီးမားခြင်းနှင့် အာဆီယံသဘောတူညီချက်များကို လိုက်နာစေရန် ကြီးကြပ်မည့် ဗဟိုအာဏာပိုင်အဖွဲ့အစည်း မရှိခြင်းတို့ကြောင့် ဒေသတွင်း ပေါင်းစည်းမှုမှာ နှေးကွေးလျက်ရှိကြောင်း Reuters သတင်းဌာနတွင်ဖော်ပြထားသည်။
အဆိုပါ အာဆီယံစွမ်းအင်လုံခြုံရေးဆိုင်ရာ မူဘောင်သဘောတူညီချက် (APSA) သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စွမ်းအင်လုံခြုံရေးကို တစ်နိုင်ငံချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ မြှင့်တင်ရန်နှင့် အရေးပေါ်အခြေအနေများ ကြုံတွေ့ရနိုင်ခြေကို လျှော့ချရန်အတွက် ရည်ရွယ်သည့် သဘောတူညီချက်တစ်ခု ဖြစ်သည်။
ယင်းသဘောတူညီချက်ကို ၂၀၀၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချာအမ်းမြို့၌ လက်မှတ်ရေးထိုးခဲ့ပြီးနောက် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် (၄၃) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေး (AMEM) ၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်တွင် သက်တမ်းတိုးခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ – ASEAN
ကိုးကား – Reuters: ASEAN summit ends with only a push to fast-track oil share pact