ဧရာဝတီတိုင်းမ်
မေ ၉ ရက်
အရပ်သားအစိုးရ ပုံဖမ်းထားသော စစ်အာဏာသိမ်း ရွေးတုအစိုးရတပ်ကို Standard Army ဖြစ်ရန်နှင့် ခေတ်မီစစ်လက်နက်များ ကိုင်တွယ်အသုံးချနိုင်ရန်အတွက် ပညာရေး မြှင့်တင်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ တပ်မှူးများမှ စီမံဆောင်ရွက်ပေးရန် အမည်ခံ တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ညွှန်ကြားစည်းရုံးပြန်သည်။
မကြာသေးမီက တပ်ချုပ်ရာထူး လွှဲပြောင်းရရှိလာသော ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ၎င်းတို့ရုံးစိုက်ရာ နေပြည်တော်တွင် ယမန်နေ့ မေ ၈ ရက်က လက်အောက်ခံ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝင်းအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံခဲ့ပြီး အမှာစကား ပြောကြားရာ၌ ထိုကဲ့သို့ ထည့်သွင်းပြောသည်။
လက်ရှိတွင် နိုင်ငံတကာနှင့် ပြည်သူလူထု၏ အသိအမှတ်ပြုမှု ရရှိစေရန် ရွေးတုအစိုးရအဖြစ် အသွင်ပြောင်းထားသော အာဏာသိမ်း စစ်အုပ်စုက ၎င်းတို့တပ်ကို Standard Army ဖြစ်စေရမည်ဟု မကြာခဏ ပြောဆိုနေသော်လည်း စစ်ရာဇဝတ်မှုများ ကျူးလွန်၍ နိုင်ငံတဝန်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။
ယင်းအပြင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးတုသမ္မတအဖြစ် ဖန်တီးရယူရန် ၎င်းဆုပ်ကိုင်ထားသည့် တပ်ချုပ်ရာထူးကို လူယုံတော် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား အမည်ခံလွှဲပြောင်း၍ လုပ်ပိုင်ခွင့်မပေးဘဲ နောက်ကွယ်မှတဆင့် ဆက်လက်ထိန်းချုပ် စေခိုင်းနေကြောင်း တပ်တွင်းအသိုင်းအဝိုင်းက ပြောသည်။
အဆိုပါ တွေ့ဆုံပွဲကိုလည်း အမည်ခံ ဒုတပ်ချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ရေချုပ်၊ လေချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် အရာရှိကြီးများ စသည့်အရာရှိ၊ စစ်သည်များနှင့် မိသားစုများ တက်ရောက်ကြောင်း သိရသည်။
ထို့အတူ တပ်သားသစ် စုဆောင်းနိုင်ရန် ရည်ရွယ်ပြီး စည်းရုံးသိမ်းသွင်းသည့်အနေဖြင့် လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်းများကို ရန်ကုန်နှင့် နေပြည်တော်၌ စတင်ဖွင့်လှစ်သွားမည်ဟု ပြောသည်။
“ဒါဟာ ပညာရေး ကဏ္ဍသစ် ဖော်ဆောင်တာဖြစ်တယ်။ ဒီလို ဖွင့်လှစ်ပေးခြင်းဖြင့် ကာကွယ်ရေးအတွက် လူငယ်မျိုးဆက်သစ်ကောင်းတွေ စဉ်ဆက်မပြတ် ထွန်းကားလာမယ့်အပြင် ပညာပြည့်ဝတဲ့ တပ်မတော်သား အရင်းအမြစ်ကောင်းတွေလည်း ပေါ်ထွန်းလာမှာဖြစ်တယ်” ဟု ၎င်းက စည်းရုံး ညွှန်ကြားသည်။
ယင်းအတွက် စစ်မှုထမ်းဆဲ တပ်ဖွဲ့ဝင်များနှင့် အငြိမ်းစား သားသမီးများအပြင် သေဆုံးတပ်ဖွဲ့ဝင် သားသမီးများပါ တက်ရောက်နိုင်ပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော ကျောင်းသားများကို စစ်ဘက်ဆိုင်ရာတက္ကသိုလ်၊ သင်တန်းများ ဆက်တက်နိုင်အောင် လုပ်ဆောင်ပေးမည်ဟု ရွေးတုအစိုးရက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-MOI