ဧရာဝတီတိုင်းမ်
မေ ၉ ရက်

 

ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်တွင် ယမန်နေ့ မေ ၈ ရက်နေ့ကဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် ထိုင်ဝမ်နိုင်ငံသားအမျိုးသမီးတို့ပါဝင်သည့် ယာဉ်မတော်တဆမှုမှတဆင့် ပေါက်ကွဲစေတက်သည့် အဆင့်မြင့်လက်နက်ခဲယမ်းအများပြားကို တွေ့ရှိခဲ့ရပြီး‌နောက် ထိုင်းရဲတပ်ဖွဲ့မှအရေးပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိ‌ကြောင်း သိရသည်။

 

Mr.Mingchenအမည်ရ အသက် ၃၁ နှစ်အရွယ် တရုတ်နိုင်ငံသားအမျိုးသား၏ ကားပေါ်မှကျည်ဆံနှင့်ကျည်ဘောက်များတွေ့ရှိရာမှ ၎င်းနေထိုင်သည့်အိမ်ကိုဝင်ရောက်စီးနင်းရာလက်နက်တိုက်အငယ်စားတစ်ခုစာနီးပါးရှိ စစ်လက်နက်နှင့် ပြင်းအားမြင့်‌ဖောက်ခွဲရေးပစ္စည်း များကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

၎င်းငှားရမ်းနေထိုင်သည့် Huai Yaiရှိ နေအိမ်မှ M4 Rifle များ၊ C4 ဖောက်ခွဲရေးပစ္စည်းများ၊ ၅.၅၆ ကျည်ဆန်များ၊ မိုင်းများ၊ လက်ပစ်ဗုံးများ၊ အဝေးထိန်းဖောက်ခွဲရေးပစ္စည်းများ၊ ကျည်ကာအင်္ကျီများနှင့် ပေါက်ကွဲစေတက်သည့် ဆက်စပ်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါပစ္စည်းများပေါက်ကွဲပါက မီတာရာပေါင်းများစွာအထိ ပျက်စီးနိုင်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။

 

ထို့ပြင် C4ဖောက်ခွဲရေးပစ္စည်းများတပ်ဆင်ထားသည့် ကျည်ကာအင်္ကျီကိုလည်းတွေ့ရှိခဲ့ရပြီး ၎င်း၏ဖုန်းအတွင်းမှ ကမ္ဘောဒီးယားစစ်သားများနှင့်အတူ လက်နက်လေ့ကျင့်‌နေသည့် ဗီဒီယိုများလည်းတွေ့ရှိခဲ့သည့်အတွက် ထိုင်းရဲချုပ်မှ အမျိုးသားလုံခြုံရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားကမူ စိတ်ကျရောဂါခံစားနေရသည့်အတွက် ကိုယ့်ကိုယ်ကို ဗုံးခွဲရန်ကြံစည်ခဲ့ကြောင်းပြောဆိုခဲ့ပြီး ၎င်းထံမှ တရုတ်နိုင်ငံကူးလက်မှတ်၊ ကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ်၊ ထိုင်းမှတ်ပုံတင်ကတ်နှင့်အိမ်‌ထောင်စုစာရင်း၊ ပန်းရောင်ကတ်တို့ကိုပါ သိမ်းဆည်းရမိခဲ့သည်။

 

ထိုင်းရဲတပ်ဖွဲ့အဆိုအရ လက်နက်လေ့ကျင့်သည့်ဗီဒီယိုအချို့မှာ က‌မ္ဘောဒီးယားအာဏာရှင်ဟွန်ဆန်၏ ကိုယ်ရံတော်တပ်ဖွဲ့နှင့် ပတ်သက်သည့် စစ်ဘက်လေ့ကျင့်ရေးစခန်းBHQ တွင်ရိုက်ကူးထားပြီး ဖုန်းစာတိုပေးပို့မှုများတွင်လည်း တိုက်ခိုက်မှုအစီအစဉ်များအကြောင်း ဆွေးနွေးပြောဆိုထားကြောင်း သိရသည်။

 

လက်ရှိတွင် စစ်လက်နက်ပစ္စည်းများ၏ ရင်းမြစ်ကိုလည်း စုံစမ်းလျက်ရှိပြီး လူဝင်မှုကြီးကြပ်ရေး၊ ဗုံးရှင်းလင်းရေးအဖွဲ့ (EOD) နှင့် တရုတ်သံရုံးတို့ ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုများ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

 

ကိုးကား – Khaosod English