ဧရာဝတီတိုင်းမ်
မေ ၉ ရက်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းတဲ့နေရာမှာ တိုးတက်မှုတွေ အရမ်းကို နှေးကွေးနေတဲ့အပေါ် အာဆီယံခေါင်းဆောင်တွေက စိတ် ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက သောကြာနေ့ မှာ ပြောပါတယ်။

အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ်အစည်းအဝေးတွေအပြီး သတင်းစာရှင်းလင်းပွဲမှာ မား ကို့စ်က မြန်မာ့အရေးကို ဆူးခက်သဖွယ် ခက်ခဲနက်နဲတဲ့ ပြဿနာလို့ တင်စားသွားခဲ့ပြီး လက်ရှိအချိန်အထိ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သိသာထင်ရှားတဲ့ နည်းလမ်း ဒါမှမဟုတ် အဖြေမျိုးကတော့ ထွက်မလာ သေးဘူးလို့ ဆိုပါတယ်။

အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို ချမှတ်ခဲ့ပြီး ဒီအချက်တွေကို မြန်မာက သဘော တူထားပေမဲ့လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေမှာ ဘာတိုးတက်မှုမှ ဖြစ် မလာသေးတာကို တွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်နေတာကြောင့် အစိုးရကို အသိအမှတ်ပြုထားပြီးသားဖြစ် လို့ အထူးတလည် အသိအမှတ်ပြုနေဖို့ မလိုဘူးလို့ ၎င်းက ဆိုပါတယ်။

“ကျွန်တော်တို့အားလုံးက မြန်မာ့အရေးမှာ ပိုပြီးတိုးတက်လာတာကို မြင်ချင်ကြတာချည်းပါပဲ။ ရပ်တန့်နေတဲ့ လုပ်ငန်းစဉ်ကြီး ပြန်ပြီး လည်ပတ်လာအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ပြောင်းလဲပစ်မလဲ ဆိုတာကို အစွမ်းကုန် ကြိုးစားရမယ်ဆိုတာကို အားလုံးက သဘောတူကြပါတယ်” လို့ သူက ရှင်းပြပါ တယ်။

အာဆီယံရဲ့ အဓိက လုပ်ထုံးလုပ်နည်းတွေဖြစ်တဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့ တရား ဥပဒေစိုးမိုးရေးဆိုတဲ့ မူဝါဒတွေကိုလည်း အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူး လို့ သူက အလေးအနက် ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်လာဖို့အတွက် တစ်ခုခုတော့ ပိုပြီးလုပ်ဆောင်ရမယ် ဆိုတာကို ခေါင်းဆောင်တွေကြား နှုတ်ဆိတ်သဘောတူညီမှုတစ်ခု ရှိနေတယ်လို့ မားကို့စ်က ဆိုပါတယ်။

ကိုးကား – GMA News
Ref; Marcos: ASEAN leaders ‘frustrated’ over prolonged Myanmar crisis