ဧရာဝတီတိုင်းမ်
မေ ၉ ရက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အချုပ်သို့ ပြောင်း ရွှေ့လိုက်တဲ့အပေါ် အင်ဒိုနီးရှားအစိုးရက ကြိုဆိုလိုက်ပြီး ဒါဟာ ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့ အလားအလာတစ်ခုလို့ မှတ်ချက်ပေးပါတယ်။

ကြာသပတေးနေ့က ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုက အခုလို ပြောကြားခဲ့တာပါ။

“နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ် ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ သတင်းတွေဟာ ကောင်းမွန်တဲ့ အပြုအမူတစ်ခုဖြစ်သလို အပြုသဘော ဆောင်တဲ့ လမ်းစတစ်ခုဆီကို ဦးတည်နေတဲ့ တိုးတက်မှုပဲ ဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

စစ်အုပ်စုအနေနဲ့ သက်ဆိုင်သူတွေအားလုံးနဲ့ ဆက်သွယ်ညှိနှိုင်းဖို့ ကြိုးစားနေတာကိုလည်း အင် ဒိုနီးရှားဘက်က ကောင်းမွန်တဲ့ ဖြစ်ထွန်းမှုတစ်ခုအဖြစ် ရှုမြင်တယ်လို့ သူက ဆိုပါတယ်။

မြန်မာစစ်အုပ်စုအနေနဲ့ တည်ငြိမ်မှုတွေ ပြန်ရလာဖို့၊ အကြမ်းဖက်မှုတွေ လျော့ကျဖို့နဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ချောချောမွေ့မွေ့ ရောက်ရှိနိုင်ဖို့အတွက် အာဆီယံနိုင်ငံတွေနဲ့ လက် တွဲ လုပ်ဆောင်တာကို မြင်တွေ့ချင်တယ်လို့ ဆူဂီယိုနိုက ပြောပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဆာလာဇာရိုက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်မှု အခြေအနေတွေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီး တွေကို ရှင်းလင်းသွားမယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုဟာ အာဆီယံအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသူပါ။

ဖိလစ်ပိုင်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ် ပြောင်းရွှေ့လိုက်ပြီးနောက် မှာ ထရီဆာလာဇာရိုနဲ့ ခဏတာ တွေ့ဆုံခွင့်ပေးဖို့ မြန်မာစစ်အုပ်စုကို တောင်းဆိုထားတယ်လို့ သိရပါ တယ်။

ကိုးကား – Jakarta Globe
Ref; Indonesia Welcomes Myanmar Ex-Leader’s Move to House Arrest