ဧရာဝတီတိုင်းမ်
‎‎မေ ၉ ရက်
‎‎

ရွေးတုအစိုးရ၏ စက်သုံးဆီမူဝါဒကြောင့် လာမည့်ကျောင်းဖွင့်ရာသီတွင် ကျောင်းကြိုပို့ယာဉ်စီးခဈေးနှုန်း နှစ်ဆနီးပါးမြင့်တက်သွားကြောင်း ရန်ကုန်မြို့ရှိ ကျောင်သားမိဘများထံမှ သိရသည်။

လက်ရှိကျောင်းကြိုပိုယာဉ်များက ကျောင်းနှင့် နေအိမ်အကွာအဝေးအလိုက် ယာဉ်စီးခတစ်လ ကျပ် နှစ်သိန်းမှ နှစ်သိန်းခွဲဈေးရှိပြီး ဈေးနှုန်းထပ်မံမြင့်တက်နိုင်ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။

ရွေးတုအစိုးရသတ်မှတ်ထားသည့် စုံ/ မစနစ်၊ စက်သုံးဆီဝယ်ယူခွင့်ကန့်သတ်ချက်များကြောင့် ကျောင်းကြိုပို့ယာဉ်စီးခများ ကျပ် ငါးသောင်းမှ ကျပ် တစ်သိန်းအထိဈေးမြင့် တက်လာကြောင်း သိရသည်။


“ကျောင်းဖွင့်ခါနီးအကုန်ဈေးတက်တော့ ခက်တာပေါ့။ ကျောင်းလခရော ကျောင်းကားခရောဈေးတက်လို့ ကျောင်းပြောင်းထားရမလားစဉ်းစားနေတယ်။ အခုကိုယ်ပိုင်ကျောင်းထားတယ်။ အိမ်နားနီးတဲ့ကျောင်းပြောင်းရမလားပေါ့၊ တချို့ကျောင်းတွေက ကျောင်းအပ်နေရပြီ” ဟု ရန်ကုန်မြို့ခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
‎‌

ထို့ပြင်ကိုယ်ပိုင်ကားဖြင့် ကျောင်းပို့သည့် ကျောင်းသားမိဘများအတွက်လည်း စုံ/ မ စနစ်ခွဲခြားမှု၊ တစ်ပတ်လျှင် ဆီလီတာ ၄၀ သာရရှိမှုကြောင့် ကုန်ကျစရိတ်ပိုမြင့်တက်လာကြောင်းဆိုသည်။
‎‌

အစိုးရကျောင်း၊ကိုယ်ပိုင်ကျောင်း၊နိုင်ငံတကာကျောင်းများရှိ ကျောင်းကားစီစဉ်သူများ၊‎ကျောင်းများ၊ကျောင်းသား/သူမိဘများအားလုံးအခက်အခဲရင်ဆိုင်နေရကြောင်းသိရသည်။

လာမည့်ကျောင်းဖွင့်ရာသီတွင် ကျောင်းလခဈေးတက်ခြင်း၊ ကျောင်းကြိုပို့ယာဉ်စီးခ‌ဈေးတက်ခြင်းအပါအဝင် ကျောင်းသုံးပစ္စည်းမျိုးစုံဈေးမြင့်တက်မှုကြောင့် အခက်အခဲဖြစ်ပေါ်ရကြောင်း ကျောင်းသားမိဘများက ဆိုသည် ။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့တွင် မော်တော်ယာဉ်များကို စုံ/ မ တစ်ရက်ခြားမောင်းနှင်စေခြင်း၊ မတ် ၂၆ ရက်နေ့တွင် အင်ဂျင်ပါဝါအလိုက် တစ်ပတ် နှစ်ကြိမ်သာစက်သုံးဆီဝယ်ယူရန် ရွေးတုအစိုးရသတ်မှတ်ထားသည်။

အဆိုပါစက်သုံးဆီသုံးစွဲမှုကန့်သတ်ချက်ကြောင့် စက်သုံးဆီသုံးစွဲမှု နေ့စဉ် ၂၉ ရာခိုင်နှုန်းလျော့ချနိုင်ပြီး တစ်ရက်လျှင် နိုင်ငံခြားငွေသုံးစွဲမှု အမေရိကန်ဒေါ်လာ ၆ သန်းသက်သာကြောင်း ရွေးတုအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှူကွန်ရက်၊ ဧရာဝတီတိုင်းမ်