ဧရာဝတီတိုင်းမ်
(ဖြူး)၊ မေ ၈ ရက်
ပဲခူးတိုင်း(အရှေ့ခြမ်း)၊ ဖြူးမြို့နယ်နှင့် ထန်းတပင်မြို့နယ်များတွင် ယမန်နေ့ မေ ၇ ရက်နေ့က ရွေးတုအစိုးရ စစ်တပ်၏ အလွန်အကျွံဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် နှစ် ဦးအပါ အဝင် အရပ်သား ကိုး ဦးသေဆုံးခဲ့ပြီး ငါး ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
စစ်တပ်သည် ဖြူးမြို့နယ်ရှိ လေးအိမ်စု၊ ရှားပင်ချောင်၊ သစ်ခြောက်ခင်ကျေးရွာများသို့ အသေခံဒရုန်းများအပါအဝင် လေကြောင်းမှဗုံးကြဲခြင်း၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခြင်းများပါပြုလုပ်ခဲ့ပြီး ထန်းတပင်မြို့နယ်၊ ဘွားအေစုကျေးရွာအတွင်းသို့လည်း Mi-35 ရဟတ်ယာဉ်ဖြင့် လေ ကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှားပင်ချောင်ကျေးရွာလေကြောင်းတိုက်ခိုက်မှုတွင် လှေ ဆိပ်သို့ ကျရောက်ပေါက်ကွဲခဲ့သည့် အတွက် ကိုမောင်မြင့်နှင့် အသက် (၈) နှစ်အရွယ်သားဖြစ်သူ မီးလောင်ဒဏ်ရာနှင့် ဦးခေါင်းထိခိုက် မှုကြောင့် သေဆုံးခဲ့ပြီး လှေလုပ်သားတစ်ဦးလည်း ခေါင်းပြတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

“ဟိုနေ့က ကြဲခဲ့တဲ့ ရွာတွေကို ဒီနေ့ ဗုံးထပ်ကြဲတယ်။ ရွာ သားတွေအများကြီးထိခိုက်သေဆုံးပျက်စီးတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သစ်ခြောက်ခင်ရွာလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အသက် (၃၀) နှစ်ဝန်းကျင်ရှိ ကိုမျိုးမင်းဦး နှင့် ကိုသန်းဇော် တို့သေဆုံးခဲ့ပြီး မောင်အာဇာနည် ၁၀ နှစ် မှာ ဘယ်ဘက်ခြေထောက် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည့်အတွက် ခြေ ထောက်ဖြတ်ပစ်ခဲ့ရကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ဘွားအေစုကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဉ်ဖြင့်အကြိမ်ကြိမ်လှည့်ပတ်ပစ်ခတ်ခဲ့သည့်အတွက် ကိုဇော်ဝင်းထွဋ်(၃၃) နှစ်၊ ကိုသံခဲ (၂၅) နှစ်၊ ကိုဝကြီး (၁၉)နှစ်၊ မောင်စိုင်းကိုကို (၇) နှစ် တို့သေဆုံးခဲ့ရပြီး လေး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်တပ်သည် ပြီးခဲ့သည့် မေ ၃ ရက်နေ့ကလည်း အရပ်သားများကိုပစ်မှတ်ထားကာ စစ်တောင်းမြစ်ဝှမ်းဒေသများသို့ လေကြောင်းမှဗုံးကြဲခဲ့ရာ ထန်းတပင်မြို့နယ်မှ အရပ်သား နှစ် ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့