ဧရာဝတီတိုင်းမ်
‎မေ ၈ ရက်

လက်ရှိတွင်သီလဝါအထူးစီးပွားရေးဇုန်မှလွဲ၍ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ဧရိယာဝန်းနေရာများကို အာဏာရှင်စစ်တပ်ကလက်နက်ကြီးပစ် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေပြီး နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အထူးစီးပွားရေးဇုန်များကို နည်းလမ်းမျိုးစုံဖြင့် ကြိုးစားရမည်ဖြစ်ကြောင်း ရွေးတုအစိုးရ၏ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာကံဇော်က ပြောကြားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းရှိရာ ‌ရေဖြူမြို့နယ်ပတ်ဝန်းကျင်အနီးတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများမကြာခဏဖြစ်ပွားလေ့ရှိရာ စစ်တပ်ကတိုက်လေယာဉ်ဖြင့် ဗုံးကြဲလျက်ရှိပြီး စီမံကိန်းကို ဒေသခံများကကန့်ကွက်လျှက်ရှိကြောင်းသိရသည်။

“နိုင်ငံတော်၏ လူမှုစီးပွား ရေးဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးစီးပွားရေးဇုန်များအနေနဲ့ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြရမယ်လို့ဆိုတယ် ” ဟု ဒေါက်တာကံဇော်က ပြောသည်။

လက်ရှိတွင်ထားဝယ်အထူးစီးပွားရေးဇုန်တည်ဆောက်ရေးတွင် ရုရှားနိုင်ငံနှင့် ရင်းနှီးမြှပ်နှံမှုနားလည်မှုစာချွန်လွှာ ( MoU) ကို ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီတွင် လက်မှတ်ရေးထားပြီး ရေနံချက်စက်ရုံ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဆိပ်ကမ်းစီမံကိန်းများပါဝင်သည်။

ထို့ပြင်ကျောက်ဖြူအထူးစီးပွားရေးဇုန်ရှိရာ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် မာန်အောင်မြို့နယ် တို့တွင်လည်း အာဏာရှင်စစ်တပ်က လက်နက်ကြီးပစ်ခတ်မှု၊ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လျက်ရှိရာ ရက္ခိုင့်တပ်တော် ( AA) နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည့်နေရာများဖြစ်သည်။

တရုတ်အစိုးရအကောင်အထည်ဖော်ဆောင်ချင်နေသည့် မြန်မာ – တရုတ်စီးပွားရေးစင်္ကြံပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းပါဝင်သဖြင့် အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် ရွေးတုအစိုးရကြိုးစားလျက်ရှိသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်အကောင်အထည်ဖော်မည့် CITIC တရုတ်ကုမ္ပဏီနှင့် ပူးတွဲလုပ်ဆောင်မည့် မြန်မာကုမ္ပဏီ ၁၉ ခု၏ တင်ဒါကိုသုံးသပ်နေကြောင်းသိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်