ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ မေ ၈ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ဖူနွမ်းကျေးရွာကို အာဏာသိမ်းစစ်အုပ်စုက ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းကြောင့် PDF Zoland မှ အမျိုးသမီးရဲဘော်များအပါအဝင် ခုနစ် ဦးနှင့် အရပ်သား သုံး ဦး သေဆုံးကာ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း လုံးဝပျက်စီးသွားကြောင်း သိရသည်။
အာဏာသိမ်းစစ်အုပ်စုသည် ပြီးခဲ့သည့် မေ ၆ ရက်နေ့၊ ညနေ ၄ နာရီခန့်က ဖူနွမ်းရွာကို မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ ရွာသားများ ပုံမှန်သွားလာနေစဉ်အတွင်း ဒရုန်းဖြင့် ဗုံးသီး သုံး လုံး စတင်ကြဲချခဲ့သည်။
“ရွာထဲကို အရင်ဆုံး ဗုံးကြဲချသွားတာက ဗုံးသီး သုံးလုံးပါ။ သုံးလုံးထဲက တစ်လုံးက ပေါက်ကွဲ သွားပြီးတော့ နောက်နှစ်လုံးက မပေါက်ကွဲဘဲ ရွာထဲမှာ ကျန်ခဲ့တယ်” ဟု တီးတိန်မြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ဖူနွမ်းကျေးရွာအတွင်း အဆိုပါ မပေါက်ကွဲသေးသည့် ဗုံးသီးများ ကျန်ရှိနေခြင်းကြောင့် ရွာသားများမှာ စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။
စစ်အုပ်စုသည် ယင်းနေ့ ညနေ ၆ နာရီခန့်တွင် ဒုတိယအကြိမ် ထပ်မံရောက်ရှိလာပြီး ဖူနွမ်းကျေးရွာရှိ AG ခရစ်ယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဦးတည်ပစ်မှတ်ထားကာ ထပ်မံတိုက်ခိုက်ခဲ့သည်။
“ဒုတိယအကြိမ် ကြဲတာက ဘုရားကျောင်းကို တိုက်ရိုက်ပစ်မှတ်ထားတာပါ။ ဘုရားကျောင်းက လုံးဝပျက်စီးသွားသလို ဘုရားကျောင်းအနားမှာရှိတဲ့ အရပ်သား ၃ ဦးလည်း ပွဲချင်းပြီး ဆုံးသွားတယ်။ PDF ဘက်က ရဲဘော် ၇ ဦးလည်း ကျဆုံးခဲ့ရတယ်” ဟု ဒေသခံက ဆက်ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကျဆုံးသွားသည့် PDF Zoland ရဲဘော် ခုနစ် ဦးအနက် လေး ဦးမှာ အမျိုး သမီးရဲဘော်များ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဘုရားကျောင်းအနီးရှိ အရပ်သား သုံး ဦးမှာလည်း နေရာတင် သေဆုံးခဲ့ရပြီး အခြားတစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
လက်ရှိတွင် တီးတိန်မြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေး တင်းမာမှုများ ဆက်ရှိနေပြီးစစ်အုပ်စုဘက်က လူနေကျေးရွာများနှင့် ဘာသာရေးအဆောက်အအုံများကို လေကြောင်းနှင့် ဒရုန်းအသုံးပြုကာ ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း သိရသည်။
ပုံစာ-PDF Zoland မှ ကျဆုံး ရဲဘော်များ၏ ဓာတ်ပုံများ ဖြစ်ပါသည်။