ဧရာဝတီတိုင်းမ်
မေ ၈ ရက်
အာဏာလုထားပြီး နိုင်ငံတကာနှင့် ပြည်သူလူထု ထောက်ခံအသိအမှတ်ပြုသည့် ဒီမိုကရေစီ အရပ်သားအစိုးရ ဖြစ်ချင်နေသော စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ၎င်းတို့ရှာဖွေ တွေ့ရှိထားသည့် ပတ္တမြားမှာ ယခင်ထက် ပိုမိုတန်ဖိုးရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်အစိုးရ စီမံကူညီပေးမှုဖြင့် ပြန်လည်ရရှိ ထိန်းချုပ်နိုင်သော မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေမှ အလေးချိန် ၂,၂၀၀ ဂရမ် (၁၁,၀၀၀ ကာရက်) ရှိ ပတ္တမြားတစ်လုံးကို ၂၀၂၅ အတုအယောင် ရွေး ကောက်ပွဲအလွန် မြန်မာ့နှစ်သစ်ကူး ကာလအပြီးတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ရွေးတုအစိုးရလက်ဝေ ဝါဒဖြန့် သတင်းစာများမှတစ်ဆင့်ထုတ်ပြန်လာသည်။
အဆိုပါ ပတ္တမြားကို နေပြည်တော်သို့ ယူဆောင်လာပြီး သမ္မတရုံး၊ ဧည့်ခန်းမဆောင်၌ ထားရှိပြသရာ ယမန်နေ့ မေ ၇ ရက်တွင် ရွေးတုအစိုးရ၏ ဒုသမ္မတများ၊ ရွေးတုလွှတ်တော် ဥက္ကဋ္ဌများ၊ အမည်ခံ တပ်ချုပ်နှင့် ဝန်ကြီးများ လာရောက်ကြည့်ရှုကြစဉ် ရွေးတုသမ္မတက ထိုကဲ့သို့ ထုတ်ဖော်ကြွား ဝါခဲ့ခြင်းဖြစ်သည်။

“၁၉၉၆ ခုနှစ်မှာ ရရှိခဲ့တဲ့ ပတ္တမြားဟာ အလေးချိန်အားဖြင့် အများဆုံးဖြစ်သော်လည်း အရောင်နဲ့ အရည်အသွေး နှိုင်းယှဉ်ရင်တော့ အခုနောက်ဆုံး တွေ့ရှိထားတဲ့ ပတ္တမြားက အရောင်နဲ့ အရည် အသွေး ပိုမိုကောင်းမွန်ပြီး တန်ဖိုးပိုမို မြင့်မားတယ်” ဟု ရွေးတုသမ္မတက ပြောသည်။
မြန်မာနိုင်ငံတွင် မိုးကုတ်ရတနာမြေမှ ပတ္တမြားလေးလုံး ရှာဖွေတွေ့ရှိထားပြီး ယင်းတို့မှာ အာဏာရှင် ဟောင်း ဦးစောမောင်၊ ဦးသန်းရွှေတို့၏ နဝတ လက်ထက်နှင့် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် နောက်ပိုင်းတို့တွင် ဖြစ်ကြောင်း ရွေးတုအစိုးရက ဆိုသည်။
ယခုပတ္တမြားအပြင် စစ်အာဏာရှငါများဖြစ်ကြသည့် ဗိုလ်ချုပ်မှူးကြီး စောမောင် (နဝတ)လက်ထက် ၁၉၉၀ ပြည့်နှစ်တွင် အလေးချိန် ၉၉ ဒသမ ၂၅ ဂရမ် (၄၉၆ ဒသမ ၂၅ ကရက်) ရှိ ပတ္တမြား၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (နဝတ) လက်ထက် ၁၉၉၆ ခုနှစ်၌ အလေးချိန် ၄၂၉၀ ဂရမ်(၂၁၄၅၀ ကရက်) ရှိ ပတ္တမြားနှင့် စစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ်တွင် အလေးချိန် ၅၅၇ ဒသမ ၈၅ ဂရမ် (၂၇၈၉ ဒသမ ၂၅ ကရက်)ရှိ ပတ္တမြားတို့ဖြစ်သည်။

ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ၎င်း၏ ဆရာတစ်ဆူဖြစ်သော အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (နဝတ)လက်ထက် ၁၉၉၆ ခုနှစ်တွင် ရှာဖွေတွေ့ရှိသည့် ပတ္တမြားနှင့် နှိုင်းယှဉ်ပြောကြားမှုသည် ဘုန်းတန်ဖိုး သာလွန်ခြင်းကို ရည်ညွှန်းပြသလိုပြီး ပြည်သူ့ထောက်ခံမှုရအောင် လုပ်ပြခြင်းဖြစ်ကြောင်း အကဲခတ်များက ထောက်ပြသည်။
ယင်းအပြင် ရွေးတုသမ္မတနှင့် ရွေးတုအစိုးရတို့က အာဏာသိမ်းပြီး ထိန်းချုပ်ဒေသတွင်သာ အပိုင်း သုံးပိုင်းခွဲ၍ ၎င်းတို့ပုံဖော်ပြုလုပ်သည့် ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲကို ပြည်သူလူထု အပြင် ကမ္ဘာ့နိုင်ငံအများစု လက်မခံသော်လည်း စစ်မှန်သော ဒီမိုကရေစီ အရပ်သားအစိုးရဟု လိမ်ညာ ဝါဒဖြန့်လျက်ရှိသည်။
အလားတူ နေပြည်တော်၌ ၎င်းတည်ထားသော ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ဘုရားများအနက် ဉာဏ် တော်အမြင့်ဆုံးဟု တင်စားခေါ်ဝေါ်နေသည့် မာရဝိဇယဘုရားကိုလည်း ကြေးသန်းပေါင်းများစွာ ကုန်ချခံသုံးစွဲ တည်ထား၍ မြန်မာ့ခိုင်ခံ့မှု အရှိဆုံးဘုရာဟု ဂုဏ်ဖော်ကာ ကြွားလေ့ရှိသည်။
ထို့အတူ တစ်ကိုယ်တော် အာဏာချုပ်ကိုင်၍ ထင်ရာစိုင်းနေသော အာဏာသိမ်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်သည် မိမိကိုယ်ကိုယ် ဘွဲ့တံဆိပ်များပေးလေ့ရှိသည်။ ထိုသို့ ဘွဲ့တံဆိပ်များကို မက်မောသော ၎င်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း ရန်ကုန်တက္ကသိုလ်တွင် “ဂုဏ်ထူး ဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့” ကို မြှောက်ပင့် ပေးအပ်ခဲ့သည်။
ဓာတ်ပုံ-MOI