‎ဧရာဝတီတိုင်းမ်
‎မေ ၈ရက်

‎ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာကို ရွေးတုအစိုးရစစ်တပ်က လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ဆီဆိုင်မီးလောင်နေပြီး လူထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

စစ်တပ်သည် ‎ယနေ့ မေ ၈ရက် နေ့လယ် ၁၂နာရီ ၈ မိနစ်ခန့်တွင် ကုဋေကျေးရွာကို ဗုံးကြဲချခဲ့ရာ ဆင်ဖြူ တော်စက်သုံးဆီဆိုင်ပေါ်သို့ ဗုံးကျရောက်၍ ဆီဆိုင်မီးလောင်ကျွမ်းနေပြီး လူထိခိုက်မှုရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

‎”မနက်ကတည်းက ဗုံးပတ်ကြဲနေတာ။ အခုနေ့လယ်လာကြဲတာမှာ ဆီဆိုင်နားကဈေးဆိုင်ခန်းတွေပါ အကုန်ထိကုန်တယ်” ဟု လုံးခင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရွေးတုစစ်တပ်သည် ယနေ့ ‎နံနက် ၁၀နာရီခန့်ကလည်း မလောင်ကျေးရွာရှိ မြန်မာစည်သူကုမ္ပဏီ၏ ဝန်ထမ်းအဆောင်ကို Y-8 လေယာဉ်ဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် လူသေဆုံးမှု ရှိကြောင်း သိရသည်။

‎ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်း အင်အား ၅၀၀ ခန့်ဖြင့်တပ်ဖြန့်ထားသည့် စစ်တပ် စစ်ကြောင်းများသည် နေရာအနှံ့တွင် ပိတ်ဆို့တိုက်ခိုက်ခံနေရသည့်အတွက် လေကြောင်းမှနေ၍ လုံးခင်း၊ မှော်ဆီစာ၊ ကုဋေကျေးရွာတို့ကို ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေ ၆ ရက်နေ့ကလည်း လုံးခင်းလမ်းဆုံရှိ ကုန်မာဆိုင်အနီးထောင်ထားသည့် မိုင်းပေါက်ကွဲ၍ ၄နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး လူကြီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ- လုံးခင်းကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်ထားစဉ်။