ဧရာဝတီတိုင်းမ်
မေ ၈ ရက်

အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်ခဲ့သည့် ၂၀၂၅-၂၀၂၆ အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် အရပ်သားအစိုးရပုံစံ ဖော်ဆောင်ထားမှုကို ဒီမိုကရေစီနိုင်ငံများက အသိအမှတ်မပြုဘဲ ကန့်သတ်ပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်နေခြင်းအပေါ် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ၎င်း၏ အစိုးရအဖွဲ့အစည်းအဝေးတွင် ဝေဖန်ပြောကြားခဲ့သည်။

နေပြည်တော်တွင် မေ ၆ ရက်နေ့က ပြုလုပ်သော ရွေးတုအစိုးရအဖွဲ့ အစည်းအဝေး၌ ၎င်းတို့ကို ဒီမိုကရေစီနည်းလမ်းတကျဖြင့် ပြည်သူလူထုက ရွေးချယ်ထားခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတကာက ယင်းအချက်ကို တန်ဖိုးထားရန် လိုအပ်ကြောင်း ရွေးတုသမ္မတက ဆိုသည်။

“ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒနဲ့ လာရောက်မဲပေးကြသူတွေကို ဒီမိုကရေစီနိုင်ငံတွေက တန်ဖိုးထားဖို့ လိုပါတယ်။ ဘာတွေပင်ဖြစ်စေ မိမိတို့အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်စေဖို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်သွားမယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

သို့သော်လည်း လက်တွေ့တွင် အဆိုပါရွေးကောက်ပွဲသည် သဘာဝဘေးဒဏ်ကို ခုတုံးလုပ်အသုံးချ ကောက်ယူသော ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းပါ မှန်ကန်ခြင်းမရှိသည့် အချက်အလက်များကို အခြေခံ၍ စစ်အုပ်စုက တစ်ဖက်သတ်ပြုလုပ်ခဲ့သည့် အတုအယောင် ရွေးကောက်ပွဲတစ်ခုသာ ဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများကြောင့် ၂၀၂၅-၂၀၂၆ အတုအယောင် ရွေး ကောက်ပွဲကို နိုင်ငံတစ်ဝန်း ကျင်းပနိုင်ခြင်းမရှိဘဲ စစ်အုပ်စု ထိန်းချုပ်မြို့နယ်အချို့တွင်သာ အပိုင်းသုံးပိုင်းခွဲ၍ ဟန်ပြလုပ်ဆောင်ကာ ပြည်သူများကို ခြိမ်းခြောက်ဖိအားပေး မဲထည့်ခိုင်းခဲ့ခြင်းဖြစ်သည်။

လွတ်လပ်၍ တရားမျှတမှုမရှိသည့် အဆိုပါရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူများမှာလည်း ၎င်းတို့၏ ဩဇာခံသူများနှင့် ကြောက်လန့်နေသူအချို့သာဖြစ်ပြီး၊ အငြင်းပွားဖွယ်ရာ ကြိုတင်မဲများဖြင့် စိတ်ကြိုက်ရွေးချယ်ထားသူများအပါအဝင် လက်ဝေခံ ကြံ့ခိုင်ရေးပါတီက မဲအများဆုံးအနိုင်ရရှိကာ ရွေးတုအစိုးရကို ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယင်းအခြေအနေများကြောင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံများက အဆိုပါ အတုအယောင်ရွေးကောက်ပွဲရလဒ်နှင့် ရွေးတုအစိုးရကို လက်မခံဘဲ ရှိနေသည်။ လက်ရှိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း ရွေးတုသမ္မတနှင့် ၎င်း၏ ဝန်ကြီးများကို တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားသည်။

ရွေးသမ္မတဦးမင်းအောင်လှိုင်နှင့် ရွေးတုအစိုးရကို ကိုယ်ကျိုးစီးပွားအတွက် အားပေးကူညီ ထောက်ပံ့နေသော တရုတ်၊ ရုရှား၊ ဘီလာရုစ်အပါအဝင် အာဏာရှင်နိုင်ငံတချို့သာ ထောက်ခံ၍ ထိတွေ့ဆက်ဆံ ပူးပေါင်းနေခြင်းဖြစ်သည်။

ဓာတ်ပုံ-MOI