ဧရာဝတီတိုင်းမ်
မေ ၈ ရက်
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မူတြော်ခရိုင် (ဖာပွန်)အတွင်း ဖမ်းဆီးရမိထားသည့် ဘတ် ၄၉၆ သန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ယမန်နေ့ မေ ၇ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
ဆီပုံးများအတွင်းထည့်ကာ တရားမဝင်မှောင်ခိုသယ်ဆောင်လာသည့် အဆိုပါ မူးယစ်ဆေးဝါးများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကရင်အမျိုးသားနယ်စပ်လုံခြုံရေးတပ်ဖွဲ့များက သံလွင်မြစ် တစ်လျှောက် သွားလာနေသည့် စက်လှေတစ်စီးကို စောင့်ကြည့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဆေးရာတွင် စိတ်ကြွဆေးပြားများကို့ စက်သုံးဆီပုံးများအတွင်း ထည့်သွင်းဝှက်ယူလာခြင်းဖြစ်ပြီး အတောင့်ကြီး ၉၉၃ တောင့်၊ အတောင့်ငယ် ၄၄၅ တောင့်၊ အထုပ်ကြီး ၄၉,၆၅၀ ထုပ်ဖြင့် စုစုပေါင်း စိတ်ကြွဆေးပြား ၉.၉ သန်းကျော် (အလုံးရေ ၉,၉၃၀,၀၀၀) ကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။
“သံလွင်မြစ်ကဲ့သို့ နယ်စပ်နှင့် ဆက်စပ်သည့် ဒေသများတွင် မူးယစ်ဆေးဝါး တရားမဝင် သယ်ယူ ပို့ဆောင်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသဖြင့် စောင့်ကြည့်စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိသည်” ဟု မူတြော်ခရိုင်တာဝန်ရှိသူ ခေါင်းဆောင်တစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်သူ အမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး တရားမဝင် ရောင်းဝယ် သူများကို ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)မှ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
အဆိုပါ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားသို့ မူတြော်ခရိုင် တာဝန်ရှိသူများ၊ KNDO၊ KNLA၊ KNPF၊ KWO၊ ထိုင်းနယ်စပ်ရေးရာ တာဝန်ရှိသူများ၊ မူးယစ်ဆေးဝါးတိုက်ဖျင်ရေးအဖွဲ့ဝင်များ၊ ထိုင်းသတင်းမီဒီယာများ တက်ရောက်ခဲ့သည်။
ဓာတ်ပုံ – KNU