နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၇ ရက်

 

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ရင်ဆိုင်နေရသည့် ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ခုခံ ကာကွယ်နိုင်ရန်အတွက် အစ္စလာမ့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ အရေးပါသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ပါကစ္စတန်ကို အာဏာသိမ်းစစ်အုပ်စုက သံတမန်ရေးအရ ပိုမိုချဉ်းကပ်မှုများ လုပ်ဆောင် လာကြောင်း သိရသည်။

 

၂၀၂၅ ခုနှစ် အတုအယောင်ရွေးကောက်ပွဲအပြီး နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းနေသော ရွေးတုအစိုးရ၏ အမည်ခံ ဒုသမ္မတများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့သည် မြန်မာ နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး မစ္စတာ တာရိခ်ကာရီးမ်ကို နေပြည်တော်၌ တွေ့ဆုံကာ သံတမန်ဆက်ဆံရေး တိုးမြှင့်ရန် ဆွေးနွေးခဲ့သည်။

 

ထိုတွေ့ဆုံမှုအတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားနှင့် ဆေးဘက်ကိစ္စရပ်များ စသည်တို့ကို ပိုမိုတိုးမြှင့် ပူးပေါင်းသွားရေး ထည့်သွင်းဆွေးနွေးသလို ရွေးတုအစိုးရ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် သမ္မတရုံးဝန်ကြီးနှင့်လည်း မေ ၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

“ပါကစ္စတန်က OIC နိုင်ငံတွေထဲမှာတင်မကဘဲ အရှေ့အလယ်ပိုင်းနိုင်ငံတွေကြားမှာပါ ဂုဏ်သိက္ခာ တက်လာတော့ အဲဒီနိုင်ငံရဲ့ အသိအမှတ်ပြုမှုက အရေးကြီးတယ်လို့ မြန်မာစစ်တပ်က မြင်ပုံရတယ်” ဟု အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ပူးတွဲဥက္ကဋ္ဌ ဦးနေဆန်းလွင်က ဧရာဝတီတိုင်းမ် ကိုပြောသည်။

 

လက်ရှိတွင် ပါကစ္စတန်နိုင်ငံအနေဖြင့် OIC ၏ ရိုဟင်ဂျာအရေးဆိုင်ရာ ရပ်တည်ချက် သဘောတရား ဖြစ်သော “လုံခြုံပြီး မိမိဆန္ဒအရ နေရပ်ပြန်နိုင်ရေးနှင့် နိုင်ငံသားဖြစ်ပိုင်ခွင့် ပြဌာန်းသတ်မှတ်ရေး” ဆိုသည်မျိုးကို ရပ်တည်ထောက်ခံထားကြောင်း နိုင်ငံရေးအကဲခတ် ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုသည်။

 

“တစ်ဖက်မှာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ပြီး ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်တာမျိုး၊ အစိုးရသစ်ကို အသိအမှတ်ပြု ဆက်ဆံတာမျိုးတွေနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာရေး မူဝါဒကို ကျင့်သုံးနေတယ်လို့ မြင်လို့ရပါတယ်” ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ဆက်လက်ပြောသည်။

 

ယင်းမတိုင်မီ ပြီးခဲ့သည့် ဇန်နဝါရီက ရွေးတုအစိုးရ၏ လက်ရှိပြည်ထောင်စု အတိုင်ပင်ခံကောင်စီ (UCC) အဖွဲ့ဝင်တစ်ဦး ဖြစ်လာသော သံတမန်ရေးရာ ကျွမ်းကျင်သူ ယခင်စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် ပါကစ္စတန်သို့ ၄ ရက်ကြာ သွားရောက်ခဲ့ပြီး ဒုဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သည်။

အဆိုပါခရီးစဉ်နှင့် တွေ့ဆုံမှုများသည် ပါကစ္စတန်နှင့် ရိုဟင်ဂျာအရေး တင်းမာမှုများကို ပြန်လည် အဆင်ပြေစေရန် သံတမန် ဆက်ဆံရေး ခြေလှမ်းသစ်များဖြစ်ပြီး ထိုအတွက် ရွေးတုအစိုးရက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာရက်၌ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးအား ခန့်အပ်လိုက်ကြောင်း သိရသည်။

 

ထို့နောက် မြန်မာနှင့် ပတ်သက်၍ ICJ ကြားနာ စစ်ဆေးမှုများ ဆောင်ရွက်နေချိန် OIC အကူအညီ ရယူနိုင်ရန် ကြိုးစားသောအနေဖြင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၏ ပါကစ္စတန်ခရီးစဉ် ပေါ်ပေါက် လာခြင်းဖြစ်ပြီး ရခိုင်ဘက်ခြမ်းမှ စိန်ခေါ်မှုများ လျော့ချနိုင်ရန်လည်းဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

 

“ဒီလိုနှစ်ဘက် ဆက်ဆံရေးရှိလို့ OIC က ရိုဟင်ဂျာအရေး အားစိုက်တာ၊ ပြီးတော့ ICJ ကိစ္စတွေမှာ ထိခိုက်လာမှာတော့ မဟုတ်ဘူး။ အဲဒီလိုမျိုး ရမယ်ဆိုပြီး ချဥ်းကပ်လည်း ရူးသွပ်မိုက်မဲမှုသာ ဖြစ်လိမ့်မယ်” ဟု အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ပူးတွဲဥက္ကဋ္ဌ ဦးနေဆန်းလွင်က ပြောသည်။

 

ရွေးတုအစိုးရ၏ UCC အဖွဲ့ဝင် ဦးသန်းဆွေ သွားရောက်သော ပါကစ္စတန်နိုင်ငံ ခရီးစဉ်အတွင်း ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ကိစ္စရပ်အပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းနိုင်ရေး ဆွေးနွေးထားသလို နေပြည်တော် တွေ့ဆုံမှုများ၌လည်း ထိုကိစ္စ ပါဝင်ကြောင်း သိရသည်။

 

ယင်း SCO သည် ကမ္ဘာလူဦးရေ တစ်ဝက်နီးပါး ကိုယ်စားပြုနေသည့် စီးပွားရေး အင်အားကြီး အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ပါကစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်စတန်၊ ဥဇဘက်ကစ္စတန်နှင့် ဘယ်လာရုစ်နိုင်ငံများဖြင့် စုဖွဲ့ထားပြီး ရွေးတုအစိုးရက ထိုအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ချင်နေကြောင်း သိရသည်။

 

“အခုလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ တိုးမြှင့်ရေး ဆွေးနွေးတယ်လို့ သိရပါတယ်။ သဘောကတော့ စစ်အစိုးရသစ်ရဲ့ အထီးကျန်ဖြစ်နေမယ့် အန္တရာယ်ကို လျော့ချနိုင်ဖို့ တရုတ်၊ ရုရှား၊ ပါကစ္စတန်၊ SCO အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းနေတယ်လို့ မြင်လို့ရပါတယ်” ဟု အကဲခတ် ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆိုသည်။

 

ပါကစ္စတန်သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် လူဦးရေအများဆုံး အစ္စလာမ်နိုင်ငံဖြစ်ပြီး ICJ ၌ ရိုဟင်ဂျာအရေးအတွက် မြန်မာနိုင်ငံကို တရားစွဲဆိုနိုင်ရန် ရှေ့တန်းမှ ဦးဆောင်ကြိုးပမ်းခဲ့သည့် နိုင်ငံဖြစ်သည်။ လက်ရှိတွင်လည်း ပါကစ္စတန်သည် OIC ၏ မူဝါဒဖြစ်သော ရိုဟင်ဂျာများ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးနှင့် နိုင်ငံသားဖြစ်ခွင့်တို့ကို ထောက်ခံထားဆဲဖြစ်သည်။

 

သို့သော် တစ်ဖက်တွင် အာဏာသိမ်း ရွေးတုအစိုးရတပ်ကို စစ်ရေးဆိုင်ရာ လေ့ကျင့်ပေးမှုများ၊ တိုက်လေယာဉ်များ ရောင်းချပေးခြင်းအပြင် ပါကစ္စတန်-တရုတ်ထုတ် JF-17 တိုက်လေယာဉ်များ ကိုလည်း ပြုပြင်ထိန်းသိမ်းရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းမှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ဓာတ်ပုံ-MOI