ဧရာဝတီတိုင်းမ်
မေ ၇ ရက်

 

နေပြည်တော်တွင် ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ၏ ဩဝါဒခံယူပွဲတွင် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှပေါ်ထွက်လာသည့် ရွေးတုသမ္မတ ဦးမင်းအောင် လှိုင်က လူငယ်များအနေဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ရှောက်ရန် လိုအပ်ကြောင်းနှင့် ၎င်း၏ ရွေးတုအစိုးရအဖွဲ့အတွင်း လူရည်ချွန်ဟောင်း ၁၂ ဦး ပါဝင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 

မေ ၅ ရက်နေ့က ကျင်းပသော အဆိုပါအခမ်းအနားတွင်ရွေးတုသမ္မတက လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သဖြင့် တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ရှိရန်နှင့် နိုင်ငံတည်ဆောက်ရေးတွင် ပူးပေါင်း ပါဝင်ရန် ပြောဆိုခဲ့သည်။

 

သို့သော်လည်း လက်တွေ့တွင် ၎င်းဦးဆောင်သည့် အာဏာသိမ်းစစ်အုပ်စုသည် မတရားစစ်မှုထမ်း ဥပဒေကို အသုံးပြုကာ လူငယ်များကို အတင်းအကျပ် တပ်သားသစ်စုဆောင်းနေပြီး အဆိုပါ ဖိနှိပ်မှုများကြောင့် နိုင်ငံ၏ အနာဂတ်လူသားအရင်းမြစ်များဖြစ်သည့် လူငယ်အမြောက်အမြားမှာ နိုင်ငံ ရပ်ခြားသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာနေကြရသည်။

ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ၎င်း၏ အစိုးရအဖွဲ့တွင် လူရည်ချွန် ၁၂ ဦးအထိ ပါဝင်ကြောင်း ဂုဏ်ဖော်ပြောဆိုကာ ပညာရေးကို အားပေးသယောင် ပြောနေသော်လည်း ၎င်း၏စစ်တပ်သည် တော်လှန်ရေးနယ်မြေရှိ အရပ်သားများရှိရာ စာသင်ကျောင်းများနှင့် ကျောင်းသားလူငယ်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ လုပ်ဆောင်လျက်ရှိသည်။

 

ယခုနှစ်တွင် လူရည်ချွန် ၇၂၈ ဦးကို ရွေးချယ်ခဲ့ပြီး ၎င်းတို့ကို ပြင်ဦးလွင်၊ အင်းလေးခေါင်တိုင်နှင့် ငွေဆောင်လူရည်ချွန်စခန်းများသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

 

ဩဝါဒခံယူပွဲသို့ လူရည်ချွန်မောင်မယ်များအပြင် အာဏာသိမ်းစစ်အုပ်စုက ဝါဒဖြန့်ရန် ရည်ရွယ် စုဖွဲ့ထားသည့် လေကြောင်းလူငယ်နှင့် ရေကြောင်းလူငယ်များလည်း တက်ရောက်ခဲ့ကြသည်။

 

ရွေးတုသမ္မတက လူငယ်များကို နိုင်ငံချစ်စိတ်ရှိရန် တိုက်တွန်းနေသော်လည်း ၎င်း၏ အာဏာသိမ်း မှုကြောင့် လူငယ်များမှာ ပညာသင်ကြားခွင့်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးကာ ပြည်တွင်း စစ်မီးအတွင်းသို့ အတင်းအကျပ် တွန်းပို့ခံနေရသည်။

 

ဓာတ်ပုံ – MOI