ဧရာဝတီတိုင်းမ်
မေ ၇ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်တပ်နယ်ရှိ ရွေးတုအစိုးရ စစ်တပ်မှ တပ်နယ်မှူးနှင့် ဒုတပ်မမှူးတို့ အပါအဝင် အရာရှိအချို့သည် တရားမဝင် ကုန်ပစ္စည်းတင်ဆောင်လာသည့် ကားများထံမှ လိုင်းကြေး ငွေများ ရယူကာ လွှတ်ပေးနေကြောင်း သိရသည်။
လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင်နှင့် ဒုတပ်မမှူး ရဲဝင်းထွန်းတို့သည် တရုတ်နိုင်ငံမှ တင်သွင်းလာပြီး မန္တလေးနှင့် စစ်ကိုင်းဘက်သို့ ပို့ဆောင်မည့် တရားမဝင်ကုန်ကားများထံမှ ပုံမှန် “ခေါက်ကြေး” များ ကောက်ခံနေခြင်းဖြစ်သည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။
လိုင်းကြေးပေးဆောင်သည့် ကားများကို ဖမ်းဆီးခြင်းမပြုဘဲ လွှတ်ပေးထားသော်လည်း ငွေပေး ဆောင်ရန် ပျက်ကွက်သည့် ကားများကိုမူ ဖမ်းဆီးမှုများ ပြုလုပ်၍ ငွေညှစ်လေ့ရှိကြောင်း ကုန်သည်များထံမှ သိရသည်။
“ပုံမှန်ခေါက်ကြေးပေးတုန်းက ဘာမှမဖြစ်ဘူး။ အဲ့ဒီတစ်ရက် မပေးမိတာနဲ့ ပင်လုံမှာ အဖမ်းခံရတာ။ လှမ်းပြောတော့ သူတို့ဖမ်းတာမဟုတ်ဘူး၊ စရဖ (စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့) က ဖမ်းတာပါဆိုပြီး အကြောင်းပြတယ်။ တကယ်တော့ ကြားထဲက ကုန်သည်တွေပဲ ဆုံးရှုံးနေရတာ” ဟု ကုန်ကားသမားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ ငွေကြေးတောင်းယူရာတွင် ၎င်းတို့၏ ကိုယ်ပိုင်အမည်များကို တိုက်ရိုက်အသုံးမပြုဘဲ အခြားသူများ၏ အမည်ခံဘဏ်အကောင့်များနှင့် KBZPay အကောင့်များကို အသုံးပြု၍ လွှဲပြောင်းခိုင်း ကြောင်း သိရသည်။
လက်ရှိတွင် တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင်နှင့် ဒုတပ်မမှူး ရဲဝင်းထွန်းတို့ထံ ငွေလွှဲ ပြောင်း ထားသည့် ဘဏ်လက်ခံဖြတ်ပိုင်းများနှင့် KBZPay ပြေစာ အချက်အလက်များကို သက်သေအဖြစ် စုဆောင်းထားပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်တပ် အရာရှိကြီးများ၏ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုများကြောင့် လွိုင်လင် တပ်နယ်ရှိ အောက်ခြေအရာရှိ စစ်သည်များကြားတွင်လည်း မကျေနပ်မှုများ မြင့်တက်လျက်ရှိကာ ရရှိထားသည့် သက်သေအထောက်အထားများဖြင့် တိုင်းစစ်ဌာနချုပ်ရုံးအထိ တိုင်စာပေးပို့သွားရန် ပြင်ဆင်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ပုံစာ – မန္တလေးနှင့် စစ်ကိုင်းဘက်သို့ ပစ္စည်းများတင်သွင်းနေသည့် ကုန်ကားများ။