ဧရာဝတီတိုင်းမ်
မေ ၇ရက်
မန္တလေးတိုင်းမှသည် စစ်ကိုင်း၊ မိုးညှင်းထိ တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်နယ်မြေများကို ပြန်လည် ဝင်ရောက်နေရာယူလာသည့် ရွေးတုအစိုးရ စစ်တပ်က မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို ထိန်းချုပ်နိုင် ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။
မန္တလေး-မတ္တရာ-သပိတ်ကျင်း- စဉ့်ကူး- တကောင်း- ထီးချိုင့်- ကသာ- အင်းတော်- မော်လူး- နန့်စီးအောင်- မိုးညှင်း- မိုးကောင်း- မြစ်ကြီးနားလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ရွေးတုအစိုးရ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြလာခြင်းဖြစ်သည်။
ယမန်နေ့ မေ ၆ရက်၊ နံနက်ပိုင်းတွင် မော်လူးကို ဝင်ရောက်ခဲ့သည့် စစ်တပ်စစ်ကြောင်းများသည် မိုးညှင်းမြို့နယ်ရှိ နန့်စီးအောင်ကိုရောက်ရှိကာ နယ်မြေအတွင်းရှိ စစ်တပ်နှင့် ပေါင်းမိသွားပြီဖြစ်ကြောင်း သိရသည်။

စစ်အုပ်စုသည် သပိတ်ကျင်းနှင့် မတ္တရာနယ်ကို ပြီးခဲ့သည့် ၂၀၂၅၊ ဇူလိုင်မှ စတင်စစ်ကြောင်း ထိုးသိမ်းယူပြီး တော်လှန်ရေးတပ်ဖွဲ့များအားကောင်းရာ စဉ့်ကူးဘက်ကိုပါ လေကြောင်း၊ လက်နက် ကြီးပစ်ကူများဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ စစ်ကိုင်းနယ်အထိ စစ်ကြောင်းများဖြန့်ပြီး နေရာယူလာခြင်းဖြစ်သည်။
တိုက်ပွဲကာလ ၁နှစ် ၃လအတွင်း အထက်ပါနယ်မြေများကိုထိန်းချုပ်ပြီး လမ်းပိုင်းများကိုဖွင့်လှစ်ခဲ့ ရွေးတုအစိုးရ စစ်တပ်သည် စစ်ကြောင်းထိုးလာစဉ်အတွင်း လမ်းတလျှောက်ရှိကျေးရွာများကို ဒရုန်းဗုံးအလွန်အကျွံသုံးကြဲချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့ပြင် လေကြောင်းမှလည်း ကင်းထောက်နေခဲ့ပြီး ကသာ လေးထပ်ဘုန်းကြီးကျောင်း ဗုံးကြဲခံရသည့် မတ်လ ၂၀ရက်ဖြစ်စဉ်တွင် ပြည်သူ ၈၀နီးပါး သေဆုံးခဲ့သည်။
စစ်တပ်သည် ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်သည့် အပြုအမူများနှင့်အတူ လေကြောင်း၊ လက်နက် ကြီး အလွန်အကျွံသုံး၍ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း တို့ကို ဝင်ရောက်လာခြင်းဖြစ်သည်။
ဓာတ်ပုံ-စစ်လော်ဘီ