ဧရာဝတီတိုင်းမ်
မေ ၇ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လက်နက်ကြီးနှင့် မိုင်းများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိနေကြောင်း သိရသည်။
ယနေ့ မေ ၇ ရက် နံနက် ၁၀နာရီကျော်ခန့်တွင် လုံးခင်းကျေးရွာ၊ ဘုန်းကြီးကျောင်းလမ်းဆုံ၊ အားမာန်ကုန်မာ ဆိုင်ရှေ့တွင် ထောင်ထားသည့်မိုင်းပေါက်ကွဲပြီး လေးနှစ်အရွယ် ကလေးငယ်တစ်ဦး ဝမ်းဗိုက်ကို မိုင်းစထိမှန်၍ သေဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
”မိုင်းမှန်သွားတဲ့ ကလေးမလေးကသေသွားတယ်။ လူကြီးနှစ်ယောက်လည်း ထိခိုက်မှုရှိတယ်။ မနက်ခြောက်နာရီလောက်ကတည်းက ပစ်ခတ်သံတွေကြားနေရတယ်” ဟု လုံးခင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲကြောင့် လုံးခင်း ကျေးရွာ အဝင်အထွက်လမ်းများလည်းပိတ်ခံထားရပြီး ဒေသခံအချို့ ပိတ်မိနေသည်။ ယမန်နေ့ ညပိုင်းက ပစ်ခတ်မှုများရှိနေခဲ့ပြီး ဖားကန့်ဗျူဟာမှလည်း လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၄ရက်နေ့က လုံးခင်းဆေးရုံဟောင်းနှင့် ဂေါက်ကွင်းရှိ စစ်တပ် တပ်စွဲထားရာနေရာများကို KIAကပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး လုံးခင်း လယ်ပြင် ယမ်းချက်စက်ရုံဘက်မှ ထွက်လာသည့် စစ်တပ် စစ်ကြောင်းနှင့်လည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။
မေ ၅ရက်က ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၅ဦးခန့်သေဆုံးပြီး ယမန်နေ့ မေ ၆ရက် ညနေပိုင်းတွင်လည်းစစ်တပ်၏တပ်ဖွဲ့ဝင် အလောင်း သုံးလောင်းကို KIAက ရှင်းလင်းပေးခဲ့ရကြောင်း သိရသည်။