ဧရာဝတီတိုင်းမ်
(တီးတိန်)၊ မေ ၇ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်းဒေသ၊ သိုင်းငင်း-ကလေး လမ်းပိုင်းတွင် အာဏာသိမ်း စစ်အုပ်စု၏ ကားတစ်စီး ခြုံခိုတိုက်ခိုက်ခံရပြီး အရာရှိနှစ်ဦးအပါအဝင် ငါး ဦး သေဆုံးခဲ့ကြောင်း CDF-CDM Siyin တာဝန်ရှိသူထံမှ သိရသည်။

ရွေးတုအစိုးရ စစ်တပ်သည် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်စေရန်အတွက် ကလေးမြို့ရှိ Non-CDM ဝန်ထမ်းများကို ယမန်နေ့ မေလ ၆ ရက် နံနက်ပိုင်းတွင် ဖလမ်းမြို့သို့ ပို့ဆောင်စဉ် CDF-CDM Siyin က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“Non-CDM တွေနဲ့ အရပ်သား ၂၀၀ လောက်ပါတယ်။ သူတို့ကို ကားတွေနဲ့ စစ်သားတွေက ဖလမ်းကို လိုက်ပို့တာ။ ရှေ့ဆုံးကားတွေမှာ စစ်သားတွေပါသလို နောက်မှာလည်း Non-CDM တွေ၊ အရပ်သားတွေ ပါတဲ့အတွက် ပစ်ခတ်တာမလုပ်ဘဲ နောက်ဆုံးအပိတ်ဖြစ်တဲ့ စစ်ကားကိုပဲ တိုက်ခိုက်ခဲ့တာပါ” ဟု CDF-CDM Siyin တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်ဘက်မှ ဗိုလ်ကြီးတစ်ဦး၊ ဒုဗိုလ်တစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး သေနတ် သုံး လက်၊ ပစ္စတို တစ် လက်တို့ သိမ်းဆည်းရမိကာ ၎င်းတို့စီးနင်းသည့် ကားတစ်စီးမှာလည်း အနည်းငယ်ပျက်စီးသွားကြောင်း သိရသည်။

“သုံးပွင်နဲ့ ဗိုလ်ကြီးတစ်ယောက်ရယ်၊ တစ်ပွင့်ဗိုလ်တစ်ယောက်၊ ရဲဘော် သုံးယောက် သေဆုံးတယ်။ သေနတ်က အရှည် ၃ လက်၊ ပစ္စတို ၁ လက် သိမ်းဆည်းရမိတယ်။ ကားကတော့ ပြည်သူပိုင် ဖြစ်တဲ့အတွက် မီးမရှို့ဘဲ ဒီအတိုင်းထားခဲ့တယ်”ဟု CDF CDM Syin တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်းစစ်အုပ်စုသည် ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ရရှိပြီး တစ်ပတ်အကြာတွင် ကလေးမြို့သို့ ရောက်ရှိနေသည့် Non-CDM ဝန်ထမ်း ၁၀၀ ကျော်ကို ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်ရန် အတင်းအကျပ် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဝန်ထမ်းများသည် ယမန်နေ့ညနေပိုင်းတွင် ဖလမ်းမြို့သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း ရွေးတုအစိုးရက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ပေးပို့
ပုံစာ-သေဆုံးသူဗိုလ်ကြီးဇင်မျိုးမြတ်။