ဧရာဝတီတိုင်းမ်
မေ ၇ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ရှိ အာဏာသိမ်းစစ်အုပ်စု၏ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း တတက-၅ အတွင်းသို့ ရွေးတုအစိုးရ စစ်တပ်က စစ်ကူအလုံးအရင်း ပို့ဆောင်ထားကြောင်း သိရသည်။
စစ်မှုထမ်းဥပဒေဖြင့် အတင်းအကျပ် ခေါ်ယူခံထားရသည့် သင်တန်းဆင်းတပ်သားသစ်များ အများစု ပါဝင်သည့် စစ်ကူအင်အား ၁,၀၀၀ ကျော်မှာ တတက-၅ အတွင်း ရောက်ရှိနေပြီး အဆိုပါ သင်တန်းကျောင်းကိုလည်း စစ်အခြေစိုက်စခန်းပုံစံ ပြုလုပ်ထားကြောင်း သိရသည်။
“စစ်တပ်က စစ်ကူ အလွယ်တကူ ရောက်နေနိုင်တဲ့ အနေအထားပါ။ စစ်ကားကြီးတွေနဲ့ အမိုးအုပ်ပြီး ခဲယမ်းတွေနဲ့ အလောင်းတွေ သယ်နေတာရှိသလို၊ အမိုးဖွင့်ကားတွေနဲ့ အင်အားဖြည့်တာတွေလည်း ဆက်တိုက် တက်နေတာ” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဧပြီ ဒုတိယပတ်မှစတင်ကာ ရေကြည်၊ လေးမျက်နှာနှင့် အင်္ဂပူဒေသများသို့ ပုသိမ်အခြေစိုက် နတခ လက်အောက်ခံတပ်များ၊ ဖျာပုံ ခလရ (၉၈)၊ ဓနုဖြူ ခလရ (၁၀၈)၊ တပ်မ ၆၆ လက်အောက်ခံ ခလရ (၁၄)၊ ဟင်္သာတ ခလရ (၁၈) နှင့် အခြားထုတ်နုတ်တပ်များကို ဖြည့်တင်းထားသည်။
ပြီးခဲ့သည့် ဧပြီ ဒုတိယအပတ်မှစတင်ကာ စစ်အင်အားများဖြည့်တင်းနေခဲ့ပြီး ရေကြည်၊ လေးမျက်နှာနှင့် အင်္ဂပူတွင် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်ရင်းများ၊ ဖျာပုံအခြေစိုက် ခလရ ၉၈၊ ဓနုဖြူအခြေစိုက် ခလရ ၁၀၈၊ တပ်မ ၆၆လက်အောက်ခံ ခလရ ၁၄၊ ဟင်္သာတ ခလရ၁၈ တပ်များအပြင် အခြားထုတ်နုတ်တပ်များကိုလည်း ပို့ဆောင်ထားသည်။
အဆိုပါစုစည်းထားသည့် အင်အားများကို ရခိုင်တောင်ပိုင်းသို့ စစ်ကြောင်းထိုးရာတွင် အသုံးပြုရန် ရည်ရွယ်ထားပြီး လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် လေးမျက်နှာနှင့် ရေကြည်အမြောက်တပ် အမတ-၃၄၄ ဘက်သို့လည်း အင်အားဖြည့်နိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ရေကြည်မြို့နယ်၊ ငသိုင်းချောင်း အမြောက်တပ် အမတ-၃၄၄မှ စစ်ကြောင်းထွက်လာသည့် အာဏာ သိမ်းစစ်အုပ်စု တပ်ဖွဲ့ဝင်များသည် သီတာကုန်းပြင်နှင့် နဂါးရစ်တောင်ကြောတစ်ဝိုက်တွင် အာရက္ခ တပ်တော် (AA) နှင့် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ အစုလိုက်အပြုံလိုက် ထွက်ပြေးမှုများ ရှိနေသည်။
AA ထိန်းချုပ်ထားသည့် ရခိုင် ၁၄ မြို့နယ်နှင့် ဧရာဝတီတိုင်း ဆက်စပ်နေသည့် ဂွမြို့နယ်ကို စစ်တပ်က လေကြောင်းမှသာမက ပင်လယ်ပြင်ရှိ စစ်သင်္ဘောများမှပါ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ် နေကြောင်း သိရသည်။
တစ်ဖက်တွင်လည်း စစ်တပ်ထောက်ခံသူများက လူမှုကွန်ရက်စာမျက်နှာများတွင် ဂွမြို့ကို သိမ်းယူ နေပြီဖြစ်ကြောင်း အချက်အလက်မှားယွင်းသည့် ဝါဒဖြန့်သတင်းများကို နေ့စဉ်နီးပါး ဖြန့်ဝေလျက် ရှိသည်။
ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)