‎ဧရာဝတီတိုင်းမ်
‎မေ ၆ ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ကျေးရွာနှစ်ခုနှင့် အနီးဝန်းကျင်ကို ရွေးတုအစိုးရ စစ်တပ်က လေကြောင်းမှတစ်ဆင့် ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်ရှိ စက်စက်ယိုကျေးရွာနှင့် ပန်းတောကြီးကျေးရွာတို့ကို ပြီးခဲ့သည့် မေလ ၄ ရက်၊ ည ၉ နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်အုပ်စုက လေကြောင်းမှ ဗုံး ၂ ကြိမ်ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

“ဂျက်ဖိုက်တာတွေသုံးပြီး ဗုံးလာကြဲတာပါ။ AA ရှိတယ်ဆိုပြီး လာကြဲတယ်လို့ သတင်းကြားရတယ်။ လူအထိအခိုက်ကတော့ အတိအကျ မသိရဘူး။ ဒေသခံတွေ အကုန်နီးပါးကတော့ ပြေးနေရတာပါ” ဟု ဧရာဝတီတိုင်းမ်သတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းစစ်အုပ်စုသည် ပြီးခဲ့သည့် ဧပြီ ၁၉ ရက်မှစတင်ကာ စက်စက်ယို၊ ပန်းတောကြီးနှင့် ရှမ်းကွင်းဒေသများဘက်သို့ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိသည်။

အဆိုပါကျေးရွာများသည် စစ်တပ်က နယ်မြေစိုးမိုးမှု မယူနိုင်ဘဲ လက်လွှတ်ထားရသည့် နေရာများဖြစ်၍ ယခုကဲ့သို့ မကြာခဏ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းရှိ လေးမျက်နှာ၊ ရေကြည်နှင့် အင်္ဂပူမြို့နယ်တို့တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း စစ်ရေးတင်းမာနေသည်။

ရွေးတုအစိုးရ စစ်တပ်သည် ပုသိမ်-မုံရွာ လမ်းပိုင်းကို စိုးမိုးမှုရယူလိုသည့်အတွက် အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုးနေပြီး၊ ဒေသအခြေစိုက် စစ်တပ်ရင်းများထံသို့လည်း စစ်ကူအလုံးအရင်း ပို့ဆောင်ထားကြောင်း သိရသည်။