ဧရာဝတီတိုင်းမ်
မေ ၇ ရက်
စစ်မက်ပဋိပက္ခကာလအတွင်း မြစ်ဆုံရေကာတာစီမံကိန်းကို အတင်းဓမ္မ အကောင်အထည်ဖော် ဆောင်သွားလျှင် ပဋိပက္ခများပိုကြီးနိုင်သောကြောင့် လုံးဝဖျက်သိမ်းပေးရန် ကချင်ဒေသခံများနှင့် ကချင်လူမှုအဖွဲ့အစည်း ၄၉ ဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်သည်။
လက်ရှိတွင် မြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်သော ပြည်သူများအပေါ် အရေးယူမည်ဟု ခြိမ်းခြောက်နေ၍ ပြည်သူများကိုခြိမ်းခြောက်ပြီးအတုအယောင် လူထုဆန္ဒခံယူပွဲပြုလုပ်နေမှုကို ချက်ချင်းရပ်တန့်ရန်လည်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ထို့ပြင် တရုတ်အစိုးရပိုင် ကုမ္ပဏီ (SPIC-YN) မှ မြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်သော မြန်မာပြည်သူများ၏ သဘောထားဆန္ဒကို မျက်ကွယ်ပြုပြီး အတင်းအဓမ္မ စည်းရုံးလုပ်ဆောင်မှု ပြန်လည်အကောင်အထည်ဖော်မှုကိုချက်ချင်းရပ်တန့်ရန်တောင်းလိုက်သည်။
မြစ်ဆုံစီမံကိန်းသည် စစ်အာဏာရှင်ခေတ်အဆက်ဆက်တွင် တရုတ်အစိုးရနှင့် အာဏာရှင်တစ်စုတို့ သဘောတူထားသော အကျိုးစီးပွားဖြစ်ပြီး ပြည်သူလူထုသဘောဆန္ဒယူခြင်းမရှိဘဲ အတင်းအဓမ္မအကောင်အထည်ဖော်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်းပါဝင်သည်။
မြစ်ဆုံရေကာတာစီမံကိန်းသည် အမြင့် ၁၃၉ ဒသမ ၅ မီတာနှင့် အကျယ် ၁,၃၁၀ မီတာ ရှိပြီး စင်ကာပူနိုင်ငံအရွယ်အစားခန့်က ရေလွှမ်းစေမည့်စနစ်ဖြစ်သည်။

အဆိုပါစီမံကိန်းသည် ရေအရင်းမြစ်ပျက်စီးစေသည်သာမက ကုန်းနေ၊ ရေနေ ဇီဝမျိုးစုံ မျိုးကွဲများ၏ဂေဟစနစ်ကို ထိခိုက်ပျက်စီးစေကြောင်း “Independent Expert Review of the Myitsone Dam EIA (2013)” သုတေသနအစီရင်ခံထွက်ရှိထားကြောင်းသိရသည်။
လက်ရှိတွင် စီမံကိန်းကြောင့် လူဦးရေ ၁၂,၀၀၀ ခန့် အတင်းအဓမ္မနေရပ်ရွှေ့ပြောင်းခံခဲ့ရပြီး ဘိုးစဉ်ဘောင်ဆက် နေထိုင်လုပ်ကိုင် စားသောက်လာသော အိုးအိမ်၊ မြေယာများ အတင်းအဓမ္မ သိမ်းဆည်းခံရခြင်း၊ အမြတ်တနိုးထားသော ဝိညာဉ်ရေးရာနှင့် ရိုးရာယဉ်ကျေးမှုအရ သမိုင်းဝင်အမွေအနှစ် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ရပ်ဆိုင်းထားသော ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းကို အတင်းအဓမ္မ ပြန်လည်စတင်နိုင်ရန် နည်းမျိုးစုံဖြင့် ရွေးတုအစိုးက ကြိုးစားလျက်ရှိသည်။
ဓာတ်ပုံ – KNG , ISP, MOI