ဧရာဝတီတိုင်းမ်
မေ ၇ ရက်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကို အင်းတော်မှထွက်လာသည့် ရွေးတုအစိုးရစစ်တပ်များ ဝင်ရောက်နေရာယူထားကြောင်း သိရသည်။
မော်လူးကို မေ ၅ ရက် နံနက်ပိုင်းက ဝင်ရောက်ထိန်းချုပ်လိုက်သည့် စစ်တပ်စစ်ကြောင်း များသည် နန့်စီးအောင်ဘက်သို့ တစ်ဆက်တည်းထွက်ခွာသွားပြီး မိုးညှင်းရှိ စစ်တပ်စစ်ကြောင်းအချို့နှင့် ချိတ်ဆက်နေရာယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“မော်လူးကိုသိမ်းကတည်းက မိုးညှင်းတပ်တွေနဲ့ နဘားကတပ်တွေ ချိတ်ဆက်ပြီးဝင်မယ်ဆိုပြီး သတင်း ထွက်တာ။ နန့်စီးအောင်ကိုလည်း လမ်းပိုင်းတွေအကုန်ထိန်းချုပ်သွားမယ်ဆိုပြီး သတင်းလွှင့်တဲ့အတိုင်း ဝင်သွားပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် နန့်စီးအောင်စစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် ၂၀၂၄ ဩဂုတ်တွင် သိမ်းယူခဲ့ပြီး ယမန်နေ့ မေ ၆ ရက် နံနက်ပိုင်းတွင် စစ်တပ်က ပြန်လည်ဝင်ရောက် လာကြောင်း စစ်တပ် ထောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် ဝါဒဖြန့်ဖော်ပြထားသည်။
ထို့ပြင် မော်လူးကိုသိမ်းပိုက်ပြီးနောက် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်ရှိ မော်လူး-နန့်စီးအောင် လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်မည်ဟု မေ ၅ ရက်က စစ်အုပ်စု၏ ဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။
ရွေးတုအစိုးရစစ်တပ်က အင်းတော်မြို့ကို ဧပြီ ၃၀ ရက်နေ့တွင် ဝင်ရောက်ထိန်းချုပ်ပြီးနောက် မော်လူးမြို့ကို ဆက်လက်စစ်ကြောင်းထိုးလာရာ မေ ၅ ရက် နံနက်ပိုင်းတွင် မြို့အတွင်းဝင်ရောက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင်မူ နန့်စီးအောင်အထိ ဝင်ရောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ရွေးတုအစိုးရ စစ်တပ်သည် တကောင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ မော်လူး၊ နန့်စီးအောင်တို့ကို မဝင်ရောက်ခင် ဒရုန်းနှင့် လက်နက်ကြီးများ အပြင်းအထန်ပစ်ခတ်ပြီး ဝင်ရောက်လာခြင်းဖြစ်သည်။