ဧရာဝတီတိုင်းမ်
မေ ၆ ရက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်ရှိ မသုန်အခြေစိုက် စစ်အုပ်စု၏ ကာကွယ်ရေး ပစ္စည်း စက်ရုံ ကပစ -၁၆ အနီးသို့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့များ ထပ်မံချဉ်းကပ်ရောက်ရှိ လာကြောင်း သိရသည်။

AA တပ်ဖွဲ့များသည် ပြီးခဲ့သည့် မေ ၁ ရက်က ကပစ ၁၆ စက်ရုံအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်သည့်အတွက် စက်ရုံအတွင်း အဆောက်အဦများ ထိခိုက်ပျက်စီးမှုကြီးမားခဲ့ကြောင်း သတင်း ရင်းမြစ်များထံမှ အတည်ပြုသိရသည်။

“ရှော့တိုက်ဒုံးနဲ့ပစ်မယ်ဆို ၈ ကီလိုမီတာ ၅ မိုင်ပတ်ဝန်းကျင် MA 7 ၆၀ မမ တာဝေးစိန်ပြောင်းဆိုရင် မီတာ ၄၆၀၀ ၃ မိုင်ဝန်းကျင်ကနေ ပစ်ခတ်ရမှာဖြစ်ပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောဆိုသည်။

ရွေးတုအစိုးရ စစ်တပ်ဘက်မှလည်း သူရဲတန်းကြိုးဝိုင်းအတွင်းရှိ ပွိုင့်-၆၆၆ ကုန်းကို ပြန်လည် ခြေကုပ်ယူရန် စစ်ကြောင်းတက်လာမှုများ ရှိနေသလို၊ ပွိုင့်-၅၀၆ ကုန်းတွင်လည်း ပြန်လည်တပ်စွဲ ထားသည်။ သို့သော် AA ဘက်က အပြင်းအထန် ခုခံတိုက်ခိုက်နေသဖြင့် စစ်တပ်က အထိနာနေကြောင်း သိရသည်။

ညောင်ကျိုးစခန်းကို ပြန်လည်ရယူလိုသည့် အာဏာသိမ်းစစ်အုပ်စု စစ်ကြောင်းများကို AA က စောင့်ကြိုတိုက်ခိုက်ခဲ့သဖြင့် တပ်မမှူးအဆင့် အပါအဝင် အရာရှိများနှင့် တပ်သားများစွာ ညောင်ကျိုး တိုက် ပွဲအတွင်း သေဆုံးခဲ့သည်။

ကပစ ၁၆ ကို အလစ်အငိုက်ယူ၍ တိုက်ခိုက်နိုင်မှုမှာလည်း စက်ရုံအနီး ၅ မိုင်မှ ၃ မိုင်အထိ AA တပ်ဖွဲ့များ ချဉ်းကပ်နေရာယူထားနိုင်ပြီး လက်ရှိတွင် ပန်းတောင်းတပ်နယ်အတွင်းရှိ လေလာတောင်ကြော တစ်ဝိုက်သို့လည်း စစ်ကြောင်းများ စေလွှတ်ထားသဖြင့် တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားနေသည်။

အာဏာသိမ်းစစ်အုပ်စုဘက်မှ ညောင်ခြေထောက်အခြေစိုက် ဒုံးတပ်ရင်း ဒတရ-၆၀၁ မှ လက်နက် ကြီးများဖြင့် မကြာခဏ ပစ်ကူပေးနေရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။