ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ မေ ၆ ရက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်အုပ်စု၏ ဝင်းတာပန်စခန်း မကျစေရေးအတွက် ရွေးတု အစိုးရက စစ်ကူအင်အားအများအပြား ပို့ဆောင်ကာ စစ်ကြောင်းထိုးနေသော်လည်း တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲအတွင်း တပ်သား ၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် စစ်တပ်၏ ဘီးလင်းအခြေစိုက်လေးကေစခန်းကို စခန်းသိမ်းပိုက် နိုင်ပြီးနောက် ဝင်းတာပန်စခန်းကို ဆက်လက်တိုက်ခိုက်နေစဉ် စစ်တပ်က ခမရ-၁ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးကျော်သူဦးဆောင်လာသည့် အင်အား ၁၆၀ ဝန်းကျင်ပါသည့် အာကာစစ်ကြောင်းကို စစ်ကူ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အာကာစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်သား ၅၀ ကျော်သေဆုံးခဲ့ပြီး ထွက်ပြေးသူများ၊ လာရောက်လက်နက်ချပူးပေါင်းသူများရှိခဲ့သည့်အတွက် အင်အား ၁၀၀ ဝန်းကျင်ပြုန်းတီးခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“အဲ့ဒီစစ်ကြောင်းကတော့ပွင့်ပွင့်လင်းလင်းပြောရင် စစ်ကြောင်းပျက်သွားတဲ့ပုံစံဖြစ်သွားတာပေါ့နော်။ အဲ့တာနဲ့ပဲ နောက်စစ်ကြောင်းတစ်ကြောင်းထပ်လာတယ်။ အောင်နိုင်စစ်ကြောင်းပေါ့နော်။ အောင်နိုင် စစ်ကြောင်းက ခမရ-၉ ဦးဆောင်ပြီးလာတယ်လို့သိရတယ်။ အင်အား ၁၅၀ လောက်ရှိတယ်။ အဲ့တာကိုလည်း တိုက်ခိုက်မှုတွေလုပ်နေတယ်၊ ထိခိုက်မှုတွေရှိတယ်” ဟု အထူးတိုင်းစစ်ဌာန ဒု-ကွပ်ကဲရေးမှူး ရဲဘော်အေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ခလရ-၈တပ်ရင်းနှင့် ပူးပေါင်းကာ ခမရ-၂ တပ်ရင်းမှ ဗိုလ်မှူးသန့်ဇော်ဝင်း ဦးဆောင်လာသည့် တတိယမြောက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ် ၏အင်အား အလွန်အကျွံအသုံးပြုကာ စစ်ကူပို့ဆောင်မှုများကို ဝင်းတာပန်စခန်းကို သိမ်းပိုက်နိုင်ခြင်းမရှိသေး ကြောင်းလည်း သိရသည်။
ရွေးတုအစိုးရလက်အောက်ခံ စစ်တပ်သည် ဝင်းတာပန်၊ ကျောက်ဖျာ စသည့်ကျေးရွာများကိုလည်း နေ့စဉ်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေပြီး ပြီးခဲ့သည့် ဧပြီ ၂၆ ရင်နေ့တွင်လည်း ဗုံးကြဲနေသည့် ပါရာမော်တာတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း အထူးတိုင်းစစ်ဌာနထံက သိရသည်။
ထို့ပြင် ဧပြီ ၁၂ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည့် ဘီးလင်းလေးကေစခန်းသိမ်းတိုက်ပွဲနှင့် စခန်း စွန့်ခွာထွက်ပြေးသူများ၊ စစ်ကူစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်မှုများအတွင်း တပ်သား ၄၀ ဝန်းကျင် သေဆုံးကာ ဒုတပ်ရင်းမှူးအောင်မိုးဇော်အပါအဝင် စစ်သုံ့ပန်း ၂၄ ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းလည်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – အထူးတိုင်းစစ်ဌာန