ဧရာဝတီတိုင်းမ်
မေ ၆ ရက်
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၅ ခုနှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် မီးလောင်မှုပေါင်း ၁,၀၀၀ ကျော် ဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၉,၀၀၀ ကျော်ရှိကြောင်း ရွေးတုအစိုးရ လက်အောက်ခံ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ (၈၀) ပြည့်နှစ် အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မေလ ၅ ရက်နေ့က နေပြည်တော်ရှိ MIC–1 တွင် ကျင်းပခဲ့ရာ ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ရွေးတုအစိုးရ၏ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးလောင်မှုပေါင်း ၁,၀၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုများကြောင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ် ၉,၂၅၅ ဒသမ ၇ သန်း ရှိခဲ့ကြောင်း သိရသည်။
မီးလောင်ရသည့် အကြောင်းရင်းများတွင် ပေါ့ဆမီး၊ ချက်ပြုတ်ရာမှတစ်ဆင့်လောင်ခြင်း၊ လျှပ်စစ်မီးကြောင့်လောင်ခြင်း၊ တောမီးလောင်ခြင်းနှင့် ရှို့မီးကြောင့်လောင်ခြင်းတို့ ပါဝင်ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရွေးတုအစိုးရ ဒုတိယသမ္မတ ဦးညိုစောက မီးသတ်တပ်ဖွဲ့အနေဖြင့် ရှာဖွေကယ်ဆယ်ရေးနှင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်နေပြီး ပြည်သူလူထု ပူးပေါင်းပါဝင်ရန် အခမ်းအနားတွင် ပြောကြားခဲ့သည်။

သို့သော်လည်း အာဏာသိမ်းစစ်အုပ်စု လက်ထက်တွင် လောင်စာဆီဈေးနှုန်း မြင့်တက်မှုနှင့် လျှပ်စစ် မီး ပုံမှန်မရရှိမှုများကြောင့် ပြည်သူများမှာ မီးဘေးအန္တရာယ်နှင့် စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို တစ်ပြိုင်နက် ခံစားနေရသည်။
မီးသတ်ဦးစီးဌာန၏ အချက်အလက်များအရ ရေဂါလန် ၈၀၀ ဆံ့သော မီးသတ်ကားတစ်စီးသည် သုံး မိနစ်မှ ၅ မိနစ်ခန့်သာ မီးငြှိမ်းသတ်နိုင်သဖြင့် မီးလောင်မှုဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်ရန် အရေးကြီးကြောင်း သိရသည်။
ထို့ပြင် ပုဂ္ဂိုလ်ရေးပေါ့ဆမှုကြောင့်ဖြစ်သော မီးဘေးအန္တရာယ်ကို ကာကွယ်ရန် အသိပညာပေးလုပ်ငန်းများ လိုအပ်နေပြီး ဆုံးရှုံးမှု လျှော့ချနိုင်ရေးအတွက် နှစ်စဉ် ကြိုးပမ်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – MFS