ဧရာဝတီတိုင်းမ်
(တီးတိန်)၊ မေလ ၆ ရက်
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်ရှိ ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့ ထိန်းချုပ်ထားသည့် ကနေဒီတောင် စခန်းကို ရွေးတုအစိုးရစစ်တပ်က လေကြောင်းပစ်ကူဖြင့် ပြန်လည်ထိန်းချုပ် ထားကြောင်း စစ်ရေးသတင်းအရစ်မြစ်ထံမှ သိရသည်။
ရွေးတုအစိုးရ စစ်တပ်သည် တီးတိန်-ကလေး ကားလမ်းပေါ်ရှိ စစ်ရေးအရ အချက်ချာကျသည့် ကနေဒီတောင်စခန်းကို မေလ ၁ ရက်နေ့မှစ၍ ထိုးစစ်ဆင်ပြီးနောက် ယမန်နေ့ မေလ ၅ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
“သိုင်းငင်းရွာဘက်ကနေ အင်အားအလုံးရင်းနဲ့ တက်လာတဲ့ စစ်ကြောင်းက ထိုးစစ်ဆင်ပြီး သိမ်းသွားတာပါ”ဟု ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကနေဒီတောင် စခန်းကို ထိုးစစ်ဆင်လာသည့် ရွေးတုအစိုးရတပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့ မေလ ၂ ရက်နေ့မှစ၍ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းဖြင့် အလွန်အကျွံ ပစ်ကူပေးခြင်းကြောင်း လက်လွှတ်လိုက်ရခြင်းဖြစ်သည်။
” မေလ ၂ ရက်နေ့စပြီး မနေ့ကအထိ တိုက်ပွဲတွေပြင်းထန်တယ်။ တိုက်ပွဲမှာ စစ်တပ်က လေကြောင်း ပစ်ကူအလွန်အကျွံ အသုံးပြုတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်မှုနည်းအောင် ကနေဒီတောင် စခန်းကို လက်လွှတ်လိုက်ရတာဖြစ်တယ်” ဟု ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တီးတိန် နှင့် ကလေးကြားတွင် တည်ရှိသည့် အဆိုပါ ကနေဒီတောင် စခန်းသည် စစ်ရေးအရ အရေးပါသည့် နေရာလည်းဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် PDF Zoland နှင့် CDF – CDM Siyin တို့ ပူးပေါင်းသိမ်းပိုက်ထားခြင်းဖြစ်သည်။
လက်ရှိ ကနေဒီတောင် စခန်းအပါအဝင် တီးတိန်-ကလေး ကားလမ်းပိုင်းတချို့တွင် စစ်တပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲများ ပြင်းထန်နေသလို နှစ်ဖက်စစ်ရေး ဆက်လက် တင်းမာနေဆဲဖြစ်သည်။
ဓာတ်ပုံ-လူမှုကွန်ရက်