ဧရာဝတီတိုင်းမ်
မေ ၆ ရက်
အာဏာသိမ်းစစ်အုပ်စု၏ မတရားဖမ်းဆီးအကျဉ်းချခြင်း ခံနေရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွှတ်ပေးရန် ဗြိတိန်နှင့် ဩစတြေးလျသံရုံးတို့က ယနေ့ မေ ၆ ရက်တွင် ထပ်မံထုတ်ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွှတ်ပေးရန် အပါအဝင် မတရားထိန်းသိမ်းထားသူများ အားလုံး ကို လွှတ်ပေးရန်အတွက် ဆက်လက်တောင်းဆိုကြောင်း အဆိုပါသံရုံးများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အဖက်ဖက်သော အခြေအနေများအပေါ် ကျွန်မတို့ စိုးရိမ် ပူပန်နေဆဲဖြစ်ပြီး အဲဒီအခြေအနေများအတွက် အမြန်ဆုံး အတည်ပြုချက်ရရှိဖို့ စောင့်မျှော်လျက် ရှိပါတယ်။ ဒါ့အပြင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများ အားလုံးပြန်လွှတ်ပေးဖို့ တောင်းဆို ပါတယ်” ဟု ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Seema Malhotra က ပြောကြားထားသည်။
လက်ရှိတွင် ရွေးတုအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်မှ နေအိမ်တစ်လုံး ဆီသို့ ရွှေ့ပြောင်းထားခြင်းသည် နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချရန် ကြိုးပမ်းခြင်း ဖြစ်သော်လည်း ယင်းဖြစ်ရပ်သည် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမည့် ခြေလှမ်းတစ်ခုသာ ဖြစ်ရမည်ဟု ဗြိတိန်သံရုံးက ဆိုသည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်အဲရစ်ကလည်း မိခင်ဖြစ်သူ၏ ကျန်းမာရေးအခြေအနေကို သိရှိလိုပြီး အသက်ရှင်သန်နေကြောင်း ခိုင်လုံသောအထောက် အထားကို အမြန်ဆုံးပြသရန် တောင်းဆိုထားသည်။
“ဖေဖေဟာ မေမေထောင်ထဲမှာရှိနေတဲ့အချိန်မှာ နောက်ဆုံးအကြိမ် မတွေ့နိုင်ဘဲ ဆုံးပါးသွားခဲ့ပါတယ်။ ကျွန်တော်ကတော့ မေမေ့ကို ပြန်တွေ့ချင်ပါတယ်၊ သူနေကောင်းနေရဲ့လားလို့ သိချင်ပါတယ်။ နေရာ ပြောင်းပေးတာဟာ လွတ်မြောက်ခြင်း မဟုတ်ပါဘူး။ မေမေဟာ ယနေ့ထိ ဓားစာခံ (Hostage) အဖြစ် ထိန်းသိမ်းထားခံနေရပါတယ်” ဟု ကိုထိန်လင်းက ဆိုသည်။
အလားတူ ဩစတြေးလျသံရုံး ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနှင့် အဆက် အသွယ်ပြုခွင့်ပေးရန်၊ ရှေ့နေများနှင့် တွေ့ဆုံခွင့်ပြုရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် မျှော်လင့် ကြောင်း ပါရှိသည်။
ယင်းအပြင် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူသားချင်းစာနာမှု အကူအညီများအား အဟန့်အတားမရှိ လက်လှမ်းမီစေရန်နှင့် သက်ဆိုင်သူများအကြား အားလုံးပါဝင်သော ဆွေးနွေးမှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။
အာဏာသိမ်းစစ်အုပ်စု၏ မတရားဖမ်းဆီးခြင်း ခံရသော ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ မိတ်ဆွေဟောင်းဖြစ်ပြီး သူမ၏အခြေအနေကို အစဉ်အမြဲ ဂရုစိုက်ကြောင်း တရုတ်ဘက်မှ သဘောထား ထွက်ပေါ်လာပြီးနောက် ရွေးတုသမ္မတ အဖြစ် ဟန်ဆောင်နေသည့် စစ်အာဏာရှင် ဦးမင်းအောင်လှိုင်က နေပြည်တော်အကျဉ်းထောင်မှ နေအိမ်တစ်လုံးသို့ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းလိုက် ခြင်း ဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်