ဧရာဝတီတိုင်းမ်
မေ ၆ ရက်
တရုတ်နိုင်ငံအလယ်ပိုင်း ခရိုင်တစ်ခုရှိ မီးရှူးမီးပန်းစက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်လို့ အနည်းဆုံး လူ ၂၆ ဦး သေဆုံးပြီး ၆၁ ဦး ဒဏ်ရာရသွားတယ်လို့ အာဏာပိုင်တွေက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနရဲ့ အဆိုအရ ဒီပေါက်ကွဲမှုဟာ ဟူနန်ခရိုင်၊ ချန်ရှာမြို့က စက်ရုံတစ်ခုမှာ တနင်္လာနေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တာပါ။
ချန်ရှာမြို့တော်ဝန် ချန်ဘိုကျန်းက အခင်းဖြစ်တဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အ တော်များများ အပြီးသတ်နိုင်ခဲ့ပြီဖြစ်ပေမဲ့ သေဆုံးဒဏ်ရာရသူစာရင်း အတည်ပြုဖို့နဲ့ ဘယ်သူဘယ်ဝါဖြစ် တယ်ဆိုတာ ခွဲခြားသတ်မှတ်ဖို့ကိုတော့ လုပ်ဆောင်နေတုန်းပဲလို့ ပြောပါတယ်။
ဆင်ဟွာသတင်းရဲ့ ဖော်ပြချက်အရ အခင်းဖြစ်တဲ့နေရာကို ကယ်ဆယ်ရေးသမား ၅၀၀ နီးပါး လောက် စေလွှတ်ထားပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာနားမှာ ယမ်းသိုလှောင်ရုံ နှစ်ခုရှိနေပြီး အန္တရာယ်တော် တော်များနိုင်တာကြောင့် အနီးနားက လူတွေကို အာဏာပိုင်တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထား ပါတယ်။
အခုလောလောဆယ်မှာတော့ ပေါက်ကွဲမှုဘာကြောင့်ဖြစ်ရလဲဆိုတာကို အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေပြီး အဲဒီကုမ္ပဏီရဲ့ တာဝန်ရှိသူကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့နဲ့ ဒဏ်ရာရထားသူတွေကို ကယ် တင်ရေး အစွမ်းကုန် ကြိုးစားကြဖို့ တိုက်တွန်းထားတဲ့အပြင် ဒီပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို မြန် မြန်ဆန်ဆန် စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကိုလည်း ထိထိရောက်ရောက် အရေးယူဖို့ ညွှန်ကြားထား ပါတယ်။
ဖေဖော်ဝါရီလ တရုတ်နှစ်သစ်ကူးကာလတုန်းကလည်း တရုတ်နိုင်ငံက မီးရှူးမီးပန်းအရောင်းဆိုင် တွေမှာ လူသေဆုံးမှုရှိခဲ့တဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ဖူးတယ်လို့ သတင်းမှာ ဖော်ပြထားပါ တယ်။
ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်နိုင်ငံဟာ ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံဖိုးရှိတဲ့ မီးရှူးမီးပန်းတွေကို ပြည်ပကို တင်ပို့ခဲ့ပြီး ဒါဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မီးရှူးမီးပန်းရောင်းချရမှု စုစုပေါင်းရဲ့ သုံးပုံနှစ် ပုံကျော်လောက်အထိ ရှိနေတယ်လို့ သိရပါတယ်။
ကိုးကား – CBS News
Ref; Fireworks plant explosion in China kills at least 26, injures dozens more, state media say