ဧရာဝတီတိုင်းမ်
မေ ၅ရက်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) မူးယစ်ဆေး ၉၃ ကီလိုကျော် ဖမ်းဆီးရမိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၃၀မိနစ်အချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရန်ကုန်မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်သို့ ထွက်ခွာမည့်လေယာဉ်ဖြင့် လိုက်ပါမည့်ခရီးသည်နှစ်ဦးနှင့်ဆက်စပ်သူများထံမှ အိုက်စ် မူးယစ်ဆေးဝါးများကို ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ယနေ့ မေ၅ရက်တွင် CCDAC MYANMAR က ထုတ်ပြန်သည်။

ခရီးသည် မျိုးညီညီဟိန်း နှင့် မနှင်းသဇင်ဦး တို့ထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၂၆ ဒသမ ၆ ကီလိုအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၁ နာရီအချိန် အလားတူ လေယာဉ်ဖြင့်လိုက်ပါမည့် ခရီးသည် တင်အောင်သန်း၊ မခင်သန္တာဝင်း၊ ခင်မောင်သန်း နှင့် ချမ်းမြေ့ပိုင် တို့ လေးဦးထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၅၆ ဒသမ ၀၅ ကီလိုအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် ယင်းနေ့ ဧပြီ ၂၆ရက် နံနက် ၁၁ နာရီခွဲအချိန် ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား လက်ခံ၍ ပို့ဆောင်ပေးသည့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ကုမ္ပဏီရုံးခန်းအား ဝင်ရောက်ရှာဖွေရာ မထက်ဧကရီ နှင့် မကြယ်စင်လင်းလဲ့ တို့နှစ်ဦးထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၉ ဒသမ ၅ ကီလိုအား ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

မလေးရှားသို့ ပို့ဆောင်ပေးရန်အပ်နှံသူ အောင်ကျော်ဝင်း(ခ)အောင်အောင် နှင့် ၎င်း၏ဇနီး မသန္တာလွင် တို့ကိုလည်း လားရှိုးမြို့၊ ရပ်ကွက်(၂)ရှိဟိုတယ်တွင် အိုက်စ်(မက်သ်အဖက်တမင်း) တစ်ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် စုစုပေါင်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၃၁၆၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ဒသမ ၁၅ ကီလိုအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးရန်စေခိုင်းသူမှာ သီပေါမြို့နယ်၊ လင်တိကျေးရွာနေ လောက်ချီဖြစ်ပြီး ဖမ်းဆီးရန်ကျန်ရှိနေကြောင်း သိရသည်။
၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြသည်။