‎ဧရာဝတီတိုင်းမ်
‎မေ ၅ရက်

‎ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင် ရွေးတုအစိုးရစစ်တပ်နှင့် KIAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှသေဆုံးမှုများနေကြောင်း သိရသည်။

‎ယနေ့ မေ ၅ရက် ညနေပိုင်းအထိ လုံးခင်းကျေးရွာအုပ်စုအတွင်း နေရာ လေးခုထက်မနည်း၌ တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်ဘက်မှ ၁၅ဦးခန့်သေဆုံးပြီး အလောင်းနှင့် လက်နက်၊ ခဲယမ်းအချို့ကိုပါ KIAက သိမ်းဆည်းရမိထားကြောင်း သတင်းရင်းမြစ်များထံမှသိရသည်။

‎”‌အလောင်း ကိုးလောင်းရထားတယ်ပြောတယ်။ မျက်မြင် သေတာက ၁၅ဦး‌တော့ ရှိမယ်။ နေ့လယ်လောက်ထိကို ပစ်ခတ်သံတွေကြားရတုန်းပဲ” ဟု ဖားကန့်ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎အောင်သာယာ၊ တောင်ယာကုန်းနှင့်ကုဋေကျေးရွာဘက်တွင် ယနေ့ နံနက်အစောပိုင်းကတည်းက လက်နက်ကြီး ပစ်ခတ်သံများထွက်ပေါ်နေခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

‎ဖားကန့်မြို့နယ်၊ လယ်ပြင် ယမ်းချက်စက်ရုံဘက်မှ စစ်တပ် စစ်ကြောင်းများ လုံးခင်းဘက်သို့ ယမန်နေ့ မေ ၄ရက်က စစ်ကြောင်းထိုးထွက်လာသည့်အတွက် KIAတပ်မဟာ ၉နှင့်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

‎လုံးခင်းဆေးရုံဟောင်းနှင့် ဂေါက်ကွင်းတွင် တပ်စွဲထားသည့် စစ်တပ်စစ်ကြောင်းများကိုလည်း KIAက ပိတ်ဆို့တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။


‎စစ်တပ်၏ ဖားကန့်ဗျူဟာကုန်းမှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည့်အတွက် ကုဋေနှင့် လယ်ပြင်မှ ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ လက်နက်ကြီးကျည် ထိမှန်ခဲ့သည်။