‎ဧရာဝတီတိုင်းမ်
‎မေ ၅ရက်

‎စစ်ကိုင်းနှင့်ကချင်အစပ် စစ်ကိုင်းတိုင်းအတွင်းရှိ မော်လူးမြို့ကို အင်းတော်မှ ဆက်ထွက်လာသည့် စစ်ကြောင်းများ ရက်အနည်းငယ်စစ်ကြောင်းထိုးပြီးနောက် မြို့အတွင်း ဝင်ရောက် လာခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ စီပိန်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ‎ယနေ့ မေ ၅ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်က မော်လူးမြို့အတွင်း ဝင်ရောက်လာကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

‎”စစ်တပ်ဝင်နေပြီလို့တော့ သတင်းကြားပါတယ်။ တိုက်ပွဲလည်း ဒီနေ့အစောပိုင်းကဖြစ်တာမှန်ပါတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎နဘားလမ်းဆုံနှင့် မော်လူးမြို့အကြားတွင်လည်း ယမန်နေ့ မေ ၄ရက်က တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သေးကာ စစ်ကြောင်း ခေတ္တ ရပ်တန့်သွားကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။

‎စစ်တပ်ထောက်ခံ ချန်နယ်များမှလည်း မော်လူးမြို့ကို စစ်တပ်ဝင်ပြီဖြစ်ကြောင်း ယမန်နေ့ကတည်းက ဝါဒဖြန့်ဖော်ပြနေပြီး ယနေ့မေ ၅ ရက်တွင် မော်လူးမြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ထပ်မံ ဖော်ပြလျက်ရှိသည်။

‎ရွှေဘို- မြစ်ကြီးနားကားလမ်းပေါ်ရှိ မော်လူးမြို့သည် ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း တည်ရှိပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာတွင် တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်ထိန်းချုပ်ခဲ့သည်။

‎တကောင်း၊ ဗန်းမောက်၊ ထီချိုင့်၊ ကသာ၊ အင်းတော်မြို့များသို့ ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက် လာသည့် စစ်တပ်သည် ကချင်ဝင်ပေါက် မော်လူးမြို့ကိုပါ ဆက်လက် စစ်ကြောင်းထိုးပြီး ဝင်ရောက် လာခြင်းဖြစ်သည်။

‎ရွေးတုအစိုးရ စစ်တပ် စစ်ကြောင်းများသည် မေ ၂ရက်နေ့ကစတင်၍ လက်နက်ကြီးနှင့် ဒရုန်းဗုံးများ ပစ်ခတ်ပြီးအင်းတော်မှ မော်လူးသို့ -ဦးတည်ထွက်လာခြင်းဖြစ်သည်။ အင်းတော်တွင် အင်အားအချို့ကို ချန်ခဲ့ပြီး အင်အား ၂၀၀ ပါစစ်ကြောင်းဖြင့် မော်လူးသို့ ဝင်ရောက်လာ-ခြင်းဖြစ်ကြောင်း သိရသည်။

‎ဓာတ်ပုံ-စစ်တပ်လော်ဘီ