နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၅ ရက်
စစ်တပ် အာဏာသိမ်းပြီးနောက် ပြုလုပ်သည့် ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် ရွေးတု သမ္မတ အဖြစ်ဖန်တီးရယူထားသော ဦးမင်းအောင်လှိုင်သည် ယခုမေလ ဒုတိယပတ်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ (BRI) စီမံကိန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။
ယင်းခရီးစဉ်သည် ရွေးတုသမ္မတ ဖြစ်လာပြီးနောက် ပထမဆုံး သွားရောက်မည့် ပြည်ပခရီးစဉ် ဖြစ်သောကြောင့် ယခင်ထက်သာလွန်အောင် အသွားအပြန်ကို စည်စည်ကားကား ဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်နေပြီး ရက်အတိအကျကိုမူ မသိရသေးကြောင်း နေပြည်တော် စစ်ရုံးချုပ်နှင့် နီးစပ် သူများထံမှ သိရသည်။
“သွားဖို့ကတော့ သေချာတယ်။ ရက်ကတော့ ၁၅ ရက် ပတ်ချာလည် ဒုတိယပတ် ဝန်းကျင်လောက် ဖြစ်မလားပဲ။ စစ်ရေးနဲ့တော့ မဆိုင်ဘူး၊ အဝယ်အခြမ်း မပါဘူးလို့ သိရတယ်” ဟု စစ်ဘက်ဆိုင်ရာ လေ့လာစောင့်ကြည့်နေသူ CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်အာဏာသိမ်းမှုမှ စတင်၍ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်နိုင်သည်အထိ အားပေးထောက်ခံ လက်နက်ခဲယမ်းနှင့် နည်းပညာများ ရောင်းချကူညီပေးနေသည့် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံရေး၊ စီးပွားရေး အဓိကအားဖြင့် BRI စီမံကိန်းနှင့် ပတ်သက်သော နှစ်နိုင်ငံအကြား သဘောတူညီမှု စာချုပ်များကိစ္စ ဆွေးနွေးရန်ရှိကြောင်း သိရသည်။
ယင်းမတိုင်မီ ရွေးတုသမ္မတသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၂၅ ခုနှစ် သြဂုတ်လတို့တွင် တရုတ်နိုင်ငံသို့ နှစ်ကြိမ်သွားရောက်၍ သမ္မတ ရှီကျင့်ဖျင် အပါအဝင် ထိပ်သီးပိုင်းများနှင့် တွေ့ဆုံကာ မြန်မာ့အရေး အပေးအယူများ ပြုလုပ်ထားကြောင်း သိရသည်။
မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) မှ CDM ဗိုလ်မှူးနောင်ရိုးကလည်း “ရင်းနှီးမြှုပ်နှံမှု၊ BRI စီမံကိန်းနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ အဓိကဖြစ်မယ် ထင်ပါတယ်” ဟု ပြောကြားသည်။
လက်ရှိတွင် ရွေးတုအစိုးရဘက်မှ ခရီးစဉ်နှင့် ပတ်သက်၍ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း တရုတ်ဘက်ကမူ ရခိုင်ပြည်နယ်အထိ ဖောက်လုပ်မည့် နှစ်နိုင်ငံ မီးရထားလမ်း စီမံကိန်းအတွက် စက်ယန္တ ရားပစ္စည်းများ ကြိုတင်ပို့ဆောင်ထားကြောင်း သိရသည်။
တရုတ်အစိုးရသည် အာဏာသိမ်းမှုကြောင့် ပိတ်ဆို့ကျဉ်ဖယ်ခံထားရသော ရွေးတုအစိုးရကို ၎င်းတို့၏ အကျိုးစီးပွားအတွက် ကာကွယ်ပေးနေပြီး ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာ အသိ အမှတ်ပြုမှု ပြန်လည်ရရှိစေရန် လုပ်ဆောင်လျက်ရှိသည်။
“တကယ်တမ်းက တရုတ်ထက် မင်းအောင်လှိုင်တို့ဘက်က ပိုပြီးတော့ မြန်မြန်လုပ်ချင်နေတဲ့ အနေ အထားမျိုးရှိတယ်။ တရုတ်စီးပွားရေးတွေ ဝင်လာတာနဲ့ စစ်ရေးအခြေအနေတွေ ပြောင်းတဲ့အနေ အထားမျိုးကို မှန်းတာပေါ့နော်။ သူ့ကိုယ်သူ သမ္မတအစစ်လို့ မှတ်ယူပြီး တရုတ်ကိုသွားရောက် သိဒ္ဓိတင်တာမျိုးပေါ့” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
စစ်ခေါင်းဆောင်သည် ရွေးတုသမ္မတ ဖြစ်လာသော်လည်း ၎င်းတို့ ထိန်းချုပ်မရသော နယ်မြေများကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေဆဲဖြစ်သလို တရုတ်အစိုးရကလည်း တော်လှန်ရေး အင်အားစုများကို အပစ်ရပ်ရန် ဖိအားပေး တွေ့ဆုံမှုများ ရှိနေသည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် နေပြည်တော်သို့ လာရောက်ကာ ရွေးတုသမ္မတနှင့် တွေ့ဆုံပြီး နိုင်ငံတကာမျက်နှာစာတွင် ဆက်လက်ရပ်တည်နိုင်ရန် ထောက်ခံသွားမည်ဟု ပြောဆိုထားသည်။
ဓာတ်ပုံ-MOI