ဧရာဝတီတိုင်းမ်
မေ ၅ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာပြီး ငါးအိုးတပ်ရင်းများတွင် ရွေးတု အစိုးရစစ်တပ်က အင်အား တစ်ထောင်ကျော်ပို့ကာ စစ်ကြောင်းထိုးထွက်နေကြောင်း သိရသည်။
ရွှေကူ၊ ငါးအိုးကြား တွင် ယမန်နေ့ မေ ၄ရက်နေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်က တင့်ကားများပါ အသုံးပြုတိုက်ခိုက်လာကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”ငါးအိုးနဲ့ စင်ခန်းကြားမှာ တိုက်ပွဲပြင်းထန်နေတယ်။ သေဆုံးမှု အပေါင်းအနှုတ်ကတော့မသိရသေးဘူး။ တပ်အမှတ်တွေ စိစစ်နေပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် ကသာတိုက်ပွဲပြင်းထန်စဉ်ကာလက ငါးအိုးအခြေစိုက် ခလရ-၁၂၁ တပ်ရင်းအတွင်းကို စစ်ရဟတ်ယာဉ်များဖြင့် အင်အားဖြည့်တင်းမှုများရှိခဲ့သည်။ ငါးအိုးမှရွှေ့လျားလာသည့် အင်အား တစ်ထောင်ကျော်ပါစစ်ကြောင်းမှာ စင်ခန်းမှတစ်ဆင့် ဗန်းမော်အထိ ရည်ရွယ်နိုင်ကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်က လက်လွှဲရရှိထားသည့် မိုးမိတ်မြို့အတွင်းကိုလည်း ပြီးခဲ့သည့် ဧပြီ ၂၉ရက်က အင်အား ၅၀၀ ကျော်ပါ စစ်ကား အစီးရေ ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်းထားသည်။
ထို့ကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ မဘိမ်းကိုပါ စစ်ရေး ရောက်ရှိနိုင်သည့် အဘက်ဘက်က အခြေအနေများကြောင့် ဒေသခံများကို KIA က အသိပေး နှိုးဆော်မှုများပြုလုပ်ထားသည်။
ရွေးတုအစိုးရ၏ ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဖြစ်လာချိန်တွင် စစ်ကိုင်းနှင့် အထက်ပိုင်းကို အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးမှုများပြုလုပ်လာပြီး ဆုံးရှုံးလက်လွှတ် ထားရသည့် နယ်မြေများကိုလည်း လေယာဉ်အုပ်လိုက်သုံးပြီး အလွန်အကျွံတိုက်ခိုက်လာသည်။
ဓာတ်ပုံ-လူမှုကွန်ရက်