‎ဧရာဝတီတိုင်းမ်
‎မေ ၅ ရက်

ပြည်သူလူထု၏ ဝမ်းကြာတိုက်မှ မွေးဖွားလာသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ငါးနှစ်ပြည့်မြောက်သည့် ယနေ့တွင် ပြည်သူ့တပ်မတော်သားကောင်းပီသစွာဖြင့် နွေဦးတော်လှန်ရေးကို အလေးအမြတ်ထားရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်သည်။

ယနေ့ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ငါးနှစ်ပြည့် အထိမ်း အမှတ် မိန့်ခွန်းတွင် ယာယီသမ္မတကြီးက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်သူ့တပ်မတော်သားကောင်းပီသစွာနဲ့ နွေဦးတော်လှန်ရေးကို အလေးအမြတ် ဦးညွှတ်ကြဖို့ ဖြစ်ပါတယ်။ ယနေ့အချိန်အထိ မိမိတို့ရဲ့ အသက်နဲ့ ခန္ဓာကိုယ်ကို ပေးဆပ်ခဲ့ကြတဲ့ ပြည်သူ့ ကာကွယ်ရေးရဲဘော်အပေါင်းကို လေးနက်စွာ အသိအမှတ်ပြုပါတယ်” ဟု ဒူဝါလရှီးလက ပြောသည်။

လက်ရှိ နွေဦးတော်လှန်ရေးသည် ပန်းတိုင်သို့ မရောက်ရှိသေးဘဲ နိုင်ငံရေးစိန်ခေါ်ချက်များစွာ ရှိနေသည့်အပြင် စစ်ရေးအရ လက်လွတ်ဆုံးရှုံးရမှုအချို့ကိုလည်း ခပ်စိတ်စိတ် တွေ့မြင်နေရကြောင်း ယာယီသမ္မတက ဆိုသည်။

“တော်လှန်ရေးရဲ့ သဘောဟာ အနိမ့်အမြင့်၊ အတက်အကျတွေ ရှိတတ်သလို ရှေ့နှစ်လှမ်းတိုး၊ နောက်တစ်လှမ်းဆုတ်ရတဲ့ ဖြစ်စဉ်တွေ ရှိတတ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး မိုးသက်မုန်တိုင်းကြားထဲမှာ ပြင်းထန်တဲ့ လှိုင်းတွေကို စီးနင်းကျော်ဖြတ်ရတာမျိုး ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နွေဦးတော်လှန်ရေးသမိုင်းတွင် ထင်ရှားသည့် PDF တပ်မတော်သားများထဲမှ အသက်ပေးဆပ် ခဲ့ကြသူများ၏ မိသားစုဝင်များနှင့် ထိခိုက်ဒဏ်ရာရရှိထားသည့် ရဲဘော်အချင်းချင်းကိုလည်း ဝိုင်းဝန်း ကူညီ ဖေးမပေးကြရန် ယာယီသမ္မတကြီးက မေတ္တာရပ်ခံထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံရေးအရ ဦးဆောင်ပြီး ပြည်သူ့ကာကွယ် ရေးတပ်မတော် နှင့်အတူ အာဏာလုအစိုးရကို အမြစ်ပြတ်ချေမှုန်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အဆုံးသတ်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဓာတ်ပုံ – NUG