‎ဧရာဝတီတိုင်းမ်
‎မေ ၅ရက်

‎ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းတိုက်ပွဲများပြန်လည်ပြင်းထန်လာသည့်အတွက် ပြည်သူများ အနေဖြင့် ရွေးအစိုးရစစ်တပ်အနီးသွားလာခြင်းမပြုကြရန် ရွှေကူ PDF ကသတိပေးထားသည်။

ရွှေကူမြို့နယ်အတွင်း ‎ပြီးခဲ့သည့် မေ ၂ရက်မှ စတင်လာသည့် တိုက်ပွဲများကြောင့် စစ်တပ် စစ် ကြောင်း၊ ကာကင်း၊ ဂိတ်များအနီး ပြည်သူများ နီးကပ်စွာသွားလာနေထိုင်ခြင်းမပြုလုပ်ကြရန် ရွှေကူ PDFက ယမန်နေ့ မေ ၄ရက်တွင် ထုတ်ပြန် သတိပေးလာခြင်းဖြစ်သည်။

‎”စစ်တပ်စစ်ကြောင်းတွေတက်လာနေတဲ့အတွက် ရွှေကူကြားမှာတိုက်ပွဲရှိနေတယ်။ ရွှေကူ KPDF ကလည်း သတိပေးထားတာရှိတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎မဘိမ်း-မြစ်ဆုံ၊ ငါးအိုး- ရွှေကူနယ်မြေများရှိပြည်သူများအနေဖြင့် ညနေ ၆နာရီမှ နံနက် ၉နာရီအတွင်း အသံဆူညံကျယ်လောင်သည့် စက်ယန္တရားများအသုံးပြုခြင်းမပြုလုပ်ရန်လည်း အသိပေးထားသည်။

‎ထို့အပြင် ရွှေကူ KPDFက စစ်တပ်၏ လက်နက်၊ခဲယမ်းများကို သယ်ယူပေးမှုများ မပြုလုပ်ကြရန်လည်း တားမြစ်ထားသည်။

‎ရွှေကူမြို့နယ်နှင့်ဆက်စပ်နေသည့် မဘိမ်းမြို့တွင်လည်း စစ်ရေး ပြင်းထန်လာနိုင်သည့်အတွက် ဒေသခံ များကို သတိရှိနေထိုင်ကြရန်နှင့် အသင့်အနေအထားရှိရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က နှိုးဆော်ထားသည်ဟု သိရသည်။

‎မဘိမ်းနယ်အတွင်း စစ်ရေးရောက်ရှိလာမည့်အခြေအနေကြောင့် တစ်ပတ်အတွင်းပြောင်းရွှေ့ကြရန် KIAက အသိပေးမှုရှိသည်ဟုလည်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။