ဧရာဝတီတိုင်းမ်
(မကွေး)၊ မေ ၅ ရက်

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းရှိ ချင်းနှင့် ရခိုင်ဒေသသို့ ကုန်စည်စီးဆင်းရာ အချက်အခြာကျသည့် ကံကြီးကျေးရွာကို ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းများ ဝင်ရောက်တပ်စွဲပြီးနောက် အထိုင်ချစခန်းများ ပြုလုပ်ကာ စစ်ရေးပြင်ဆင်နေကြောင်း သိရသည်။

ကျောက်ထုအခြေစိုက် အမြောက်တပ် အမတ-၃၆၈ မှ အင်အား ၂၀၀ ခန့်ပါဝင်သော စစ်ကြောင်း တစ်ခုသည် ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က ကံကြီးကျေးရွာအတွင်း ဝင်ရောက်လာခြင်းဖြစ်သည်။

ရွေးတုအစိုးရစစ်တပ်သည် စာသင်ကျောင်းနှင့် နေအိမ်များအနီးတွင် ဆက်သွယ်ရေး ကတုတ်ကျင်း တူးမြောင်းများ တူးဖော်ကာ အခြေစိုက်စခန်းများ ပြုလုပ်ထားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

“ကျောက်ထုတပ်ထဲကို အင်အားတွေထပ်ဖြည့်လာပြီး အဲဒီကတစ်ဆင့် ကံကြီးကို အင်အားပို့ ထားတာ ရှိတယ်။ တပ်စွဲပြီးနောက် ဖမ်းဆီးခံရတဲ့ ကုန်ကားတွေရှိတယ်လို့ ကြားထားလို့ အသွားအလာ တွေ အထူးသတိထားဖို့ လိုအပ်ပါတယ်” ဟု မကွေးဒေသခံ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ကျောက်ထုအမြောက်တပ်အတွင်းသို့ လေယာဉ်ဖြင့် ခဲယမ်းများ ဖြည့်တင်းထားပြီး အနီးနားကျေးရွာများကို ဒရုန်းဖြင့် ထောက်လှမ်းခြင်းနှင့် ကင်းထောက်ခြင်းများ ပြုလုပ်နေသည်။

စစ်တပ်က တပ်စွဲထားသည့် ကံကြီးရွာသည် မကွေးတိုင်းမှ ချင်းပြည်နယ်ကိုဖြတ်၍ ရခိုင်ပြည်နယ် အတွင်းသို့ ကုန်စည်စီးဆင်းသည့် အဓိကအသက်သွေးကြော လမ်းဆုံဖြစ်ပြီး ဆော-မင်းတပ် ကားလမ်း ပေါ်တွင် တည်ရှိသည်။

စစ်တပ်သည် အဆိုပါကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ဧပြီ ၂၉ ရက်တွင် ပြင်ဦးလွင်မှ ဆင်းလာ သည့် အင်အား ၅၀၀ ခန့်ပါ စစ်ယာဉ်တန်းများမှာလည်း ဆောနှင့် ပေါက်မြို့နယ်များဘက်သို့ ဖြန့်ခွဲ ထွက်ခွာလာကြောင်း သိရသည်။

ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် ဧပြီ ၃၀ ရက်နေ့ကလည်း တံတားဦး၊ မကွေး၊ မိတ္ထီလာ ရှမ်းတဲစသည့် လေတပ်စခန်းများမှ တက်လာသည့် ဂျက်ဖိုက်တာ ခုနစ် စီးဖြင့် ယောဒေသ၊ ဆောမြို့နယ်၊ ကျောက်ထုနှင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်ကြားရှိ နေရာများကိုလေကြောင်းတိုက် ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ – ယောနေ