‎ဧရာဝတီတိုင်းမ်
မေ ၄ရက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို စစ်ကြောင်းထိုးလာသည့် ရွေးတုအစိုးရစစ်တပ်များ မြို့အနီးထိ ရောက်လာကြောင်း သိရသည်။

‎ယနေ့ မေ ၄ရက် နေ့လယ်ပိုင်းတွင် ပင်ဝယ်ရွာထိ ရောက်ရှိလာသည့် စစ်တပ် စစ်ကြောင်းမှ တချို့မှာ မော်လူးမြို့အနီးထိနီးကပ်လာကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

စီပိန်းနားတော့မရောက်သေးဘူး။ မိုးညင်းဘက်ကတပ်တွေကအရင်ဝင်မယ်လို့ စစ်တပ်က သတင်းဖြန့်တယ်။ ပြီးရင် အင်းတော်ကထွက်ပြီး စီပိန်းကိုဝင်မယ့်တပ်တွေနဲ့ ပေါင်းမယ်ကြားတယ်။ မြို့နဲ့ သုံးမိုင်လောက်ပဲကွာတော့မယ်” ဟု အင်းတော်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အင်းတော်မြို့အတွင်း ဝင်ရောက်နေရာယူနေသည့် စစ်တပ်က မေ ၂ရက်နေ့တွင် အင်အား ၂၀၀ခန့်ခွဲ၍ မော်လူးမြို့ဘက် စစ်ကြောင်းထိုးလာပြီး ယမန်နေ့ မေ ၃ရက်တွင် မြို့နှင့် ငါးမိုင်အကွာထိ နီးကပ်လာခဲ့ခြင်းဖြစ်သည်။

ယနေ့ နေ့လယ်ပိုင်းတွင်းမူ မော်လူးကို စစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီဖြစ်ကြောင်း စစ်တပ်ထောက်ခံ ချန်နယ်များက ဓာတ်ပုံများပါဖြန့်ဝေလာပြီး စစ်ကိုင်း တပ်မ ၃၃မှ စစ်ကြောင်းများဖြစ်ကြောင်း ဝါဒဖြန့်မှုများရှိသည်။

ကသာ ခမရ ၃၀၉မှနေ၍ အင်အား ၅၀၀ ဝန်းကျင်ဖြင့် ဧပြီ ၂၁ရက်နေ့က ထွက်လာသည့် စစ်တပ် စစ်ကြောင်းသည် ဧပြီ ၂၉ရက်နေ့တွင် နဘားလမ်းဆုံ၌ ခြေကုတ်ယူတပ်ဖြန့်ပြီး ဧပြီ ၃၀ရက် ညနေပိုင်းတွင် အင်းတော်မြို့အတွင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အင်းတော်မှတဆင့် ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းက တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့်မော်လူးကိုပါ ဆက်လက် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

ရွေးတုအစိုးရ စစ်တပ်က စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများ အားကောင်းရာ ကန့်ဘလူ၊ ကောလင်း၊ ကသာတို့ကို နယ်မြေစိုးမိုးမှုအပြည့်အဝရယူလိုနေပြီး လက်ရှိတွင် ထီးချိုင့်၊ ကသာ၊ အင်းတော်တို့ကို ပြန်လည်နေရာယူထားသည့်အခြေအနေဖြစ်သည်။

ကသာနှင့် အင်းတော်ကို စစ်တပ် စစ်ကြောင်းထိုးလာ၍ မော်လူးမြို့ဘက် စစ်ရှောင်လာရသည့် ဒေသခံများမှာ ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။