ဧရာဝတီတိုင်းမ်
မေ ၄ ရက်
လက်ရှိ မိုးကြိုကာလအတွင်း တိုင်းနှင့်ပြည်နယ် အများအပြားတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး အချို့ဒေသများတွင် မိုးထစ်ချုန်းရွာခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း ရွေးတုအစိုးရလက်အောက်ရှိ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ မေ ၄ ရက်တွင် ထုတ်ပြန်သည်။
မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနှင့် ကချင်၊ ကရင်နီ (ကယား)၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်တွင် မိုးထစ်ချုန်းရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ သတိပြုရန် လိုအပ်ကြောင်း မိုး/ဇလ က အသိပေးထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကောလင်းမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် လူသေဆုံးမှုများ ရှိခဲ့သလို ရန်ကုန်မြို့အတွင်း၌လည်း သစ်ပင်များ ကျိုးကျပျက်စီးမှုများ ရှိခဲ့သည်။ ထို့ကြောင့် မိုးတိမ်တောင် ဖြစ်ထွန်းနေသည့် ဒေသများရှိ ပြည်သူများအနေဖြင့် လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များကို အထူးဂရုပြုကြရန် လိုအပ်ကြောင်း သိရသည်။
ဓာတ်ပုံ – မိုး/ဇလ