ဧရာဝတီတိုင်းမ်
မေ ၄ ရက်
ပုပ်ရဟန်းမင်းကြီးလီယိုက ယမန်နေ့မေ ၃ ရက်နေ့တွင် ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ကို ကျင်းပခဲ့ပြီး ကမ္ဘာတဝန်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်များချိုးဖောက်ခံနေရခြင်းအပေါ်ရှုံ့ချခဲ့ကာ ပဋိပက္ခဒေသများတွင် သတင်းယူနေစဉ် သေဆုံးခဲ့သည့် သတင်းသမားများကို ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ဗာတီကန်စီးတီးတွင် ပြုလုပ်သည့် အပတ်စဉ် တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲအပြီး၌ ပုပ်ရဟန်းမင်း ကြီးလီယိုက ယနေ့သည် လွတ်လပ်သည့် သတင်းစာပညာ၏ အရေးပါမှုနှင့် သတင်းထောက်များ ရင်ဆိုင်နေရသည့် ကြီးမားလာသည့် ခြိမ်းခြောက်မှုများကို မီးမောင်းထိုးပြနေခဲ့ကြောင်းကို ပြောဆို ခဲ့သည်။
“ဒီနေ့ ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ကို ကျင်းပခဲ့ကြတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီလွတ်လပ်ခွင့်က မကြာခဏချိုးဖောက်ခံရတယ်။ တခါတလေမှာ ထင်ထင်ရှာရှားရှိပြီး တခါတလေမှာ ပိုပြီး ဖုံးကွယ်တဲ့နည်းလမ်းတွေနဲ့ စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေရဲ့ နစ်နာသူဖြစ်ခဲ့ရတဲ့ သတင်းထောက်တွေကို အောက်မေ့သတိရပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက အထူးသဖြင့် စစ်ပွဲများအတွင်း အမှန်တရားကို ဖော်ထုတ်ရန် ကြိုးပမ်းရင်း သေဆုံးခဲ့ရသည့် သတင်းထောက်များနှင့် သတင်းတင်ဆက်သူများကို သတိရကြရန်လည်း တိုက်တွန်း ခဲ့သည်။
ကက်သလစ်အသင်းတော်၏ အကြီးအကဲဖြစ်သူ ပုပ်ရဟန်းမင်းကြီးက သတင်းစာပညာသည် လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီအတွက် အဓိကကျသည့် မဏ္ဍိုင်တစ်ခုဖြစ်ကြောင်းပြောဆိုခဲ့ဖူးပြီး သတင်းအချက်အလက်များသည် ပြည်သူပိုင်ပစ္စည်းများဖြစ်ပြီး အလွဲသုံးစားပြုခြင်းမှ ကာကွယ်ရန် လိုအပ်ကြောင်းလည်း ပြောဆိုခဲ့ဖူးသည်။
သတင်းသမားများကို ဂုဏ်ပြုခဲ့သူ ပုပ်ရဟန်းမင်းကြီးလီယိုသည် မတရားဖမ်းဆီး ထိန်းသိမ်းခံထား ရသည့် သတင်းထောက်များကို ပြန်လွှတ်ပေးရန် အစဉ် တစိုက်တောင်းဆိုခဲ့သူတစ်ဦးလည်း ဖြစ်သည်။
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို ယူနက်စကို (UNESCO)ကဦးဆောင်ကာ နှစ်စဉ် မေလ ၃ ရက်နေ့တွင် ကျင်းပခြင်းဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်ခြင်းခံနေရသည့် မီဒီယာအဖွဲ့အစည်းများကို ထောက်ခံရန်နှင့် သတင်းရယူစဉ် သေဆုံးခဲ့သည့် သတင်းထောက်များကို ဂုဏ်ပြုမှတ်တမ်းတင်ရန်ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်သည်။
ကိုးကား – Reuters
Ref; Pope marks World Press Freedom Day, laments violations and honours slain reporters