ဧရာဝတီတိုင်းမ်
(ဖားကန့်)၊ မေ ၄ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအတွင်းရှိ ရွေးတုအစိုးရ၏စစ်တပ်များ တပ်စွဲထားရာ နေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကတိုက်ခိုက်လာသည့်အတွက် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။
စစ်တပ်တပ်စွဲထားရာ လုံးခင်းဆေးရုံဟောင်းနေရာနှင့် ဂေါက်ကွင်းတို့ကို ယနေ့ မေ ၄ ရက် နံနက် ၄ နာရီခန့်မှစ၍ KIA က ဒရုန်းဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၆ နာရီခန့်တွင် လက်နက် ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ကြကြောင်း သိရသည်။
“လုံးခင်းထဲမှာ စစ်တပ်နဲ့ပြည်သူ့စစ် အင်အား ၅၀၀ လောက်ကို တပ်ဖြန့်ထားတာ။ ဒီနေ့တော့ ဆေးရုံနဲ့ ဂေါက်ကွင်းဘက်မှာ မိုးမလင်းသေးခင် ပေါက်ကွဲသံတွေ စကြားရတယ်။ တစ်မနက်လုံးတော့ ပစ်နေတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် မှော်စီစာကျေးရွာဘက်၌ တပ်စွဲထားသည့် စစ်ကြောင်းများလည်း ပိတ်ဆို့တိုက်ခိုက်ခံရသည့် အတွက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ဖားကန့်ဗျူဟာကုန်းဘက်မှနေ၍ စစ်တပ်က လက်နက်ကြီး များဖြင့် ဆက်တိုက်ပစ်ခတ်နေသည်။
ဗျူဟာကုန်းမှ ပစ်ခတ်သည့်လက်နက်ကြီးများ ကုဋေရွာလမ်းဆုံနှင့် လယ်ပြင်ရွာတို့တွင် ကျရောက် ပေါက်ကွဲသည့်အတွက် အမျိုးသားတစ်ဦးနှင့် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိထားကြောင်း သိရသည်။
ထို့အပြင် လုံးခင်း-ဖားကန့်သွား အဓိကလမ်းမကြီးဖြစ်သည့် မှော်စီစာ Sky Hotel ရှေ့နှင့် အောင်သာယာ အတက်လမ်းဆုံတို့တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များ ကျရောက်နေ ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
လုံးခင်းကျေးရွာအုပ်စုအတွင်းကို ပြီးခဲ့သည့် ဧပြီ ၂ ရက် တိုက်ပွဲများဖြစ်ပွားချိန်မှစတင်ကာ စစ်တပ် စစ်ကြောင်းများနှင့် ဦးစခုန်တိန့်ယိန်း၏ ပြည်သူ့စစ်၊ မင်းဇေသန့် ဝါရာဇွပ်ပြည်သူ့စစ်၊ ဦးရွှေမင်း လီဆူးပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းများ ရောက်ရှိလာပြီး စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)