‎ဧရာဝတီတိုင်းမ်
‎‎(ရန်ကုန်)၊ မေ ၄ ရက်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်လာရာ ယခုကျောင်းဖွင့် ရာသီတွင်လည်း စာရေးကိရိယာနှင့် ကျောင်းသုံးပစ္စည်းဈေးနှုန်းများမှာ ယခင်နှစ်ထက် သိသိသာသာ ထပ်မံမြင့်တက်လျက်ရှိကြောင်း သိရသည်။

 

လာမည့် ဇွန်လကျောင်းဖွင့်ရက်မတိုင်ခင် ကျောင်းသုံးပစ္စည်းများ ဝယ်ယူမှုများပြားလာသော်လည်း ဈေးနှုန်းများမှာ မနှစ်ကထက် များစွာ မြင့်တက်လျက်ရှိကြောင်း ရန်ကုန်မြို့ရှိ ကျောင်းသားမိဘများထံမှ သိရသည်။

“စာအုပ်ဈေးက မနှစ်ကနဲ့ ဒီနှစ် မယှဉ်ရဲဘူး။ ပြီးခဲ့တဲ့ ကျောင်းမပိတ်ခင်ကမှ တစ်ကြောင်းမျဉ်း (အကောင်းစား) တစ်ဒါဇင်ကို ၁၂,၀၀၀ ကျပ်ပဲ ရှိတာ၊ အခု ၁၈,၀၀၀ ကျပ် ပေးရတယ်။ စာရွက်အသား ပါးတာတောင် ၉,၅၀၀ ကျပ် ရှိနေပြီ” ဟု ရန်ကုန်မြို့ခံ ကျောင်းသားမိခင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
‎‌

 

လက်ရှိကျောင်းသုံးစာအုပ်တစ်ကြောင်းမျဉ်း တစ်ဒါဇင်ဈေးမှာ ကျပ် ၉၅၀၀ မှ ၁၈၀၀၀ ကျပ်၊ လေးကြောင်းမျဉ်းတစ်ဒါဇင် လျင် ၉၅၀၀ မှ ၁၆၀၀၀ ကျပ်၊ ခဲတံတစ်ဒါဇင် ၃၅၀၀ ကျပ် ၊ ခဲဖျက် အသေးတစ်ခု ၈၀၀ ကျပ်ဖြင့် အခြေခံကျောင်းသုံးပစ္စည်းအမျိုးအစားအလိုက် ဈေးမြင့်တက်နေ ကြောင်း သိရသည်။

ထို့ပြင်ကျောင်းသုံးပစ္စည်းဖြစ်သည့် ကျောပိုးအိတ်တစ်အိတ်လျှင် အနည်းဆုံး ၆၀၀၀၀ ကျပ်ရှိပြီးရေဘူး၊ ထမင်းချိုင့်အိတ်များလည်း ကျပ် နှစ်သောင်းနီးပါးရှိကြောင်း သိရသည်။

 

ကျောင်းသုံးစာအုပ်အတွက် လိုအပ်သည့် စက္ကူအဖြူအချောကို ပြည်ပမှ တင်သွင်းရခြင်း၊ သွင်းကုန် ပိတ်ပင်မှုများရှိခြင်းနှင့် စက်သုံးဆီရှားပါးမှုကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်ခြင်းတို့ကြောင့် ကုန်ဈေးနှုန်း အဆမတန် တက်နေရခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

 

ယခင်က လူသုံးများသည့် Top Choice ကဲ့သို့ ဗလာစာအုပ်များမှာ တစ်ဒါဇင်လျှင် ကျပ် ၂၀,၀၀၀ ကျော်အထိ ဖြစ်လာသဖြင့် သာမန်မိသားစုများအတွက် Luxury (ဇိမ်ခံ) အမှတ်တံဆိပ်ကဲ့သို့ ဖြစ်နေ ကြောင်း မိဘများကဆိုသည်။ ထို့ပြင် ကိုယ်ပိုင်ကျောင်းများ၏ ကျောင်းလခများမှာလည်း ယခင် နှစ်ထက် မြင့်တက်နေသဖြင့် ကျောင်းသားမိဘများမှာ စားဝတ်နေရေးကျပ်တည်းမှုကြားမှ ရုန်းကန် နေရကြောင်း သိရသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ လူမှုကွန်ရက်