ဧရာဝတီတိုင်းမ်
မေ ၄ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ နေအိမ်တစ်ခုတွင် အမျိုးသမီးများ အပျော်တမ်းကစားသည့် ဖဲဝိုင်းကို ရွေးတုအစိုးရလက်အောက်ခံ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးပြီး ငွေကြေးတောင်းယူမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ မေ ၃ ရက် ညနေ လေး နာရီအချိန်ခန့်တွင် အမျိုးသမီးများ အပျော်တမ်းဝိုင်းဖွဲ့ကစားသည့် ဖဲဝိုင်းကို ခရိုင်ရဲတပ်ဖွဲ့နှင့် နယ်မြေရဲတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းပြီး ငွေကျပ် ၅၅ သိန်း တောင်းယူခဲ့ကြောင်း သိရသည်။

“ငွေလိုချင်လို့ ဘာမှမဟုတ်တဲ့ အပျော်တမ်းဝိုင်းလေးကို ခရိုင်ကပါ ဆင်းဖမ်းတာ။ လိုင်းကြေးပေးထားတဲ့ တရားဝင်လောင်းကစားဝိုင်းတွေကြ ဖွင့်နေကြတာပဲ”ဟု ပုသိမ်ဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖဲကစားသူများကို ရဲစခန်းသို့ခေါ်ဆောင်သွားပြီး ခံဝန်ကတိဖြင့် လက်မှတ်ရေးထိုးခိုင်းကာ ပြန်လည်လွှတ် ပေးခဲ့သည်ဟု သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။

ဧရာဝတီတိုင်းအတွင်း ပြည်သူများ ပျော်ပါးမူးယစ်နေကြစေရန် စစ်တပ်နှင့် လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့များက လောင်းကစားဝိုင်းများကို လိုင်းကြေးယူ ဖွင့်လှစ်ပေးကာ မူးယစ်ဆေးဝါးများလည်း ရောင်း ဝယ်နေကြောင်း သိရသည်။

ကြက်ဝိုင်း၊ လောင်းကစားဝိုင်း၊ ဘောလုံးပွဲဒိုင်၊ နှစ်လုံးထီ၊ သုံးလုံးထီဒိုင်များမှာလည်း ရဲများနှင့် အပိုင်ဗိုလ်မှူးများ၊ ပြည်သူ့စစ်များကို သတ်မှတ်ထားသည့် ငွေကြေးပေးဆောင်ကာ တရားဝင်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ထို့အပြင် ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းပြကာ စစ်တပ်အရာရှိများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ လူငယ်များကို ဖမ်းဆီးပြီး မြို့နယ်တစ်ခုနှင့်တစ်ခုချိတ်ဆက်၍ သိန်းရာချီတန်သည့် လူကုန်ကူးမှုများ လုပ်ဆောင်ကာ စီးပွားဖြစ်‌နေကြသည်။