ဧရာဝတီတိုင်းမ်
မေ ၄ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့တွင် ရွေးတုအစိုးရတပ်က ပြည်သူ့စစ်များကို ရက်တိုသင်တန်းပေးပြီး စစ်ရေးလေ့ကျင့်မှုများပြုလုပ်ကာ စစ်မြေပြင်သို့ စေလွှတ်ရန်စီစဉ်နေကြောင်း သိရသည်။
ထူးကြီးမြို့ ဘောလုံးကွင်းတွင် ယနေ့ မေ ၄ ရက်မှစတင်ကာ ပြည်သူ့စစ် ၄၉ ဦးကို စစ်သင်တန်းရက်တို သင်တန်းပေးနေကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။
“ရပ်ရွာလုံခြုံရေးပုံစံ ယူရမယ်ပြောပြီး သငတန်းခေါ်ပေးတာ။ ရှေ့တန်းလွှတ်မယ်လို့တော့ မပြောဘူး။ အခုကျစစ်သင်တန်းဆိုပြီး ဖြစ်လာတော့ ရှေ့တန်းထွက်ရမှာ သေချာနေတယ်”ဟု ဧရာဝတီသတင်းရင်းမြစ်က ပြောသည်။
အဆိုပါပြည်သူ့စစ်သင်တန်းကို ရွေးတုစစ်တပ်မှ စစ်ဗိုလ်တစ်ဦးကိုယ်တိုင် သင်တန်းပေးနေခြင်းဖြစ်ကြောင်း သိရပြီး ရှေ့တန်းရှိ သေဆုံးတပ်ဖွဲ့ဝင်များနေရာတွင် အစားထိုးဖြည့်စွက်ရန် အရေးပေါ်ပြုလုပ်သည့် သင်တန်းဖြစ်ကြောင်းလည်း သိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ စစ်မျက်နှာများတွင် စစ်တပ်၏ နေရာအသီးသီးမှ ထုတ်နုတ်တပ်ရင်းများအပြင် စစ်မှုထမ်းဥပဒေဖြင့် သင်တန်းဆင်းလာသည့် သင်တန်းသားသစ်များကိုပါ အင်အားအလုံးအရင်းဖြင့် ပို့ဆောင်ထားသည်။ထို့အပြင် အင်အားလိုအပ်ချက်ကြောင့် ပြည်သူ့စစ်သင်တန်းကိုပါ ဖွင့်လှစ်လာပြီး အဆိုပါသင်တန်းသားများကို စစ်မြေပြင်သို့ အမြန်ပို့ဆောင်ရန်စီစဉ်နေခြင်းဖြစ်ကာ သင်တန်းအတွင်း ရှေ့တန်းပို့မည်ဟု တရားဝင်ပြောဆိုခြင်းမရှိဘဲ ဖုံးကွယ်ထားကြောင်း သိရသည်။
အာရက္ခတပ်တော် (AA) ၊ ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေသည့် ရေကြည်၊ လေးမျက်နှာတို့တွင် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)မှ တပ်ရင်းတပ်ဖွဲ့များ၊ ကျုံပျော် ခလရ ၃၆ မှ တပ်ဖွဲ့များနှင့် စစ်မှုထမ်းသင်တန်းသားသစ်များကို အလုံးအရင်းဖြင့် ပို့ဆောင်လျက်ရှိသည်။
ဓာတ်ပုံ- သတင်းအထူးတပ်ဖွဲ့ပုသိမ်