ဧရာဝတီတိုင်းမ်
မေ ၄ ရက်
ထိုင်းနိုင်ငံအထက်ပိုင်းဒေသများသည် ပူပြင်းသည့်ရာသီဥတု၊ မိုးကြိုးမုန်တိုင်းနှင့် လေပြင်းတိုက်ခတ် မှုများကို ရင်ဆိုင်နေရပြီး ထိုင်းတောင်ပိုင်းဒေသများတွင်မူ လာမည့် မေ ၆ ရက်မှ ၈ ရက်အတွင်း မိုးကြီးနိုင်ကြောင်း ထိုင်းနိုင်ငံ မိုးလေဝသဌာန (TMD) ထံမှ သိရသည်။
ထိုင်းအထက်ပိုင်းဒေသများတွင် လာမည့် ၂၄ နာရီအတွင်း နေ့ဘက်အချိန်၌ အပူရှိန်ပြင်းထန် နေမည် ဖြစ်ပြီး မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသအချို့တွင် အပူချိန် အလွန်မြင့်မားနိုင်ကာ အချို့ဒေသများတွင် မိုးကြိုးမုန်တိုင်းမှင့် မိုးသက်လေပြင်းများလည်း ကျရောက်နိုင်ကြောင်း TMD က သတိပေးချက် ထုတ်ပြန်ထားသည်။

အပူရှိန်မြင့်တက်လာသည့်အတွက် ပြည်သူများအနေဖြင့်လည်း နေပူထဲတွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်း၊ ပြင်ပတွင်လှုပ်ရှားသွားလာမှုများ ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ရန်နှင့် ကျန်းမာရေးကို ဂရုစိုက်ကြရန် သတိပေးပြောဆိုထားသည်။
ထိုင်းတောင်ပိုင်းဒေသများတွင်မူ ထိုင်းပင်လယ်ကွေ့၊ အက်ဒမန်ပင်လယ်တို့မှ အရှေ့လေနှင့်အရှေ့ တောင်လေများ တိုက်ခတ်နေမှုကြောင့်မိုးကြိုးပစ်ခြင်းနှင့် မိုးရွာသွန်ရခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
လာမည့်ရက်အတွင်း ထိုင်းတောင်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းလာနိုင်သည့်အတွက် ဒေသခံများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များကို သတိ ပြုကြရန်လည်း တာဝန်ရှိသူများကပြောဆိုထားသည်။
လာမည့် ၂၄ နာရီအတွင်း ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင်၊ တက်ခ် စသည့်ဒေသများတွင် အမြင့် ဆုံးအပူချိန် ၃၅-၄၁ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပြီး ဘန်ကောက်နှင့် ပတ်ဝန်းကျင်ဒေသများတွင်လည်း နေ့ခင်းဘက်တွင် အပူရှိန်ပြင်းထန်မည်ဖြစ်ပြီး အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိနိုင်ကြောင်း သိရသည်။
ကိုးကား – The Nation Thailand
Ref; Hot spell grips upper Thailand as South braces for downpours