ဧရာဝတီတိုင်းမ်
မေ ၄ ရက်

မြန်မာပြည်သူများ ရွေးကောက်တင်မြှောက်ထားသော သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်၍ စစ်အုပ်စုသည် နိုင်ငံရေးအရ လှည့်စားနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ထုတ်ပြန်သည်။

သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် NLD ပါတီ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ ဖြစ်ပြီး အဆိုပါပုဂ္ဂိုလ် နှစ်ဦးနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်နေမှုကို ယမန်နေ့ မေ ၃ ရက်တွင် ယင်းပါတီက သတင်းထုတ်ပြန်ပြီး စစ်အုပ်စု၏ လုပ်ဆောင်နေမှုများ၊ နိုင်ငံတကာအား တိုက်တွန်းမှုအပါအဝင် အချက် ၈ ချက် ဖော်ပြလာသည်။

စစ်အုပ်စုသည် အာဏာသိမ်းပြီးနောက် ၎င်းတို့၏ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် အသွင်ပြောင်း ရွေးတုအစိုးရအဖြစ် ပုံဖော်လာပြီး သမ္မတကြီး ဦးဝင်းမြင့်ကို ယခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ပြန်လည်လွတ်ပေး၍ မိသားစုနှင့် တွေ့ဆုံခွင့်ပေးကာ နေအိမ်အကျယ်ချုပ်ပုံစံ ထားရှိကြောင်း သိရသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဧပြီ ၃၀ ရက်၌ လျှို့ဝှက်နေရာတွင် ဖမ်းဆီးထားရာမှ တည်နေရာ မဖော်ပြသော နေရာသို့ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့လိုက်ဟု ထုတ်ပြန်လာပြီး ယင်းကိစ္စမှာ နိုင်ငံရေးအရ အပြုသဘောမဆောင်၊ လှည်းစားမှုဖြစ်ကြောင်း NLD က ဆိုသည်။

“စစ်တပ်လက်အောက်ခံ သတင်းဌာနတွေက ထုတ်ပြန်ကြေညာခြင်းတို့ဟာ နိုင်ငံရေးအရ အပြုသဘောဆောင်တဲ့ လမ်းစကို ချဥ်းကပ်လာတာမဟုတ်ဘဲ လှည့်စားချက်သာဖြစ်ပါတယ်” ဟု NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

မြန်မာ့ပြည်တွင်း နိုင်ငံရေးအခြေအနေမှသည် ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ လုံခြုံရေး၊ လူမှုစီးပွားတို့အား ထိခိုက်မှု ကျယ်ပြန့်လာနေခြင်းမှာ စစ်တပ်၏ ဥပဒေချိုးဖောက် အကြမ်းဖက် အာဏာလုယူမှုကြောင့် ပေါ်ပေါက်လာခြင်းသာဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများကို ထောင်ဒဏ်လျှော့ပေါ့ ခြင်း၊ နေရာရွှေ့ပြောင်း ပေးသည်ဟု သတင်းထုတ်ပြန်ခြင်းများသည် အသွင်ကူးပြောင်းရေး၊ ပြန်လည်ကုစားနိုင်ရေးအတွက် လုံလောက်သော သက်သေပြချက် လုံးဝမဟုတ်ဟု NLD ပါတီက ဆိုသည်။

“နိုင်ငံရေးအရ တရားဝင်မှု ရယူလိုတဲ့ ဟန်ပြလုပ်ရပ်တွေသာ ဖြစ်ပါတယ်။ အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဆောလျှင်စွာ ထိတွေ့ဆက်မှုတွေ ပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံကို ပိုမိုရှည်လျားနက်ရှိုင်းတဲ့ ပဋိပက္ခနွံတွင်းသို့ တွန်းပို့ခြင်းမပြုမိဖို့ ရှောင်ရှားသင့်ပါတယ်” ဟု NLD က အကြံပြုထားသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်စေရန် အစဥ်တစိုက် တောင်းဆို သတင်းထုတ်ပြန်သော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အပါအဝင် ကမ္ဘာ့နိုင်ငံများအပြင် ကာလရှည်ကြာ မိတ်ဆွေတစ်ဦးအဖြစ် ဖော်ပြပေးသည့် တရုတ်နိုင်ငံ၏ သဘောထားအပေါ်ကို ကျေးဇူးတင် အသိအမှတ်ပြုကြောင်း သိရသည်။

ထိုသို့ လွတ်မြောက်စေရန် လူမှုကွန်ရက်နှင့် မြေပြင်တွင် ဆန္ဒပြု တောင်းဆိုနေကြသော ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားများကိုလည်း ကျေးဇူးတင် အသိအမှတ်ပြုပြီး လုံးဝ လွတ်မြောက် သည်အထိ တောင်းဆိုတိုက်ပွဲဝင်ပေးရန် NLD ပါတီက တိုက်တွန်း၍ မြန်မာ့အခြေအနေအပေါ် အကြံပြုထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်