ဧရာဝတီတိုင်းမ်
(ပန်းတောင်း) ၊ မေ ၄ ရက်
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်ရှိ ညောင်ကျိုးစခန်းအနီးတွင် ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တို့ လက်နက်ကြီးများ အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
ရွေးတုအစိုးရစစ်ကြောင်းများသည် ယခု မေလ ပထမပတ်အတွင်းတွင် လေလာတောင်ကြောမှတစ်ဆင့် ညောင်ကျိုးခံစစ်စခန်းဘက်သို့ တိုက်စစ်ဆင်လာခြင်းဖြစ်သည်။ ထို့ကြောင့် နှစ်ဖက်တပ်များအကြား လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများရှိကာ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

“လေကြောင်းပစ်အား အပြင်းအထန်ရယူပြီး တိုက်စစ်ဆင်ခဲ့တုန်းကတောင် မရရှိခဲ့တာဖြစ်တာကြောင့် လူသစ်စစ်သားတွေကို ထိုးကျွေးပြီး အားစမ်းမှုပြုလုပ်ခြင်းမျှသာ ဖြစ်ပါလိမ့်မယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
ညောင်ခြေထောက်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၆ အတွင်းသို့ အင်အားဖြည့်တင်း မှုများ ဆက်တိုက်ပြုလုပ်လာနေပြီး ထိုမှတစ်ဆင့် ဆင်လန်ဒေသဘက်သို့ အင်အားများ ဆက်လက် စေလွှတ်နေကြောင်း သိရသည်။ ထို့ပြင် ပြီးခဲ့သည့် မေလ ၁ ရက်နေ့ကလည်း ပန်းတောင်းတပ်နယ် မသုန်ရွာအနီးရှိ ကပစ-၁၆ အတွင်းကို AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စက်ရုံအဆောင်အချို့ ထိမှန်ပျက်စီးခဲ့သည်။
AA နှင့် ရွေးတုအစိုးရစစ်တပ်တို့အကြား တိုက်ပွဲများသည် ယခုရက်ပိုင်းအတွင်း ပြန်လည်ပြင်းထန် လာနေပြီး မကွေးနှင့် ဧရာဝတီတိုင်းအစပ် ဒေသများတွင်လည်း ထိတွေ့တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။ စစ်ကြောင်းအချို့ တပ်ဆုတ်ထွက်ပြေးနေရသည့် အခြေအနေများကြောင့် အာဏာလု စစ်အုပ်စုသည် စစ်မှုထမ်းတပ်သားသစ်များကို စစ်ကူအဖြစ် အင်အားဖြည့်တင်းမှုများ တိုးမြှင့် လုပ်ဆောင် နေကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)