ဧရာဝတီတိုင်းမ်
(မော်လမြိုင်)၊ မေ ၄ ရက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်း ဆောင်ရေးနှင့် လုပ်ငန်းဆိုင်ရာ ထောက်ခံစာများအတွက် ပြည်သူများထံမှ ငွေကြေး အဆမတန် ကောက်ခံကာ ကိုယ်ကျိုးစီးပွား ရှာဖွေနေကြကြောင်း ဒေသခံများထံမှ သိရသည်။

မုပွန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မင်း၊ ရာအိမ်မှူး ဦးသောင်းဟန်နှင့် ဖိုးတုတ် (ခ) ကြာကူလီ တို့ သုံး ဦးသည် လွန်ခဲ့သည့် ၂ နှစ်တာ ကာလအတွင်းမှ စတင်၍ ရပ်ကွက်နေ ပြည်သူများထံမှ နည်းမျိုးစုံဖြင့် ငွေကြေး ကောက်ခံခဲ့ကြသည်။ ရရှိသည့် ငွေကြေးများဖြင့် အုပ်ချုပ်ရေးမှူး ဦးအောင်မင်းမှာ သိန်း ၇၀၀ ခန့် တန်ဖိုးရှိ Probox မော်တော်ယာဉ်တစ်စီး ဝယ်ယူထားပြီး၊ ကျန်သူများမှာလည်း အခြား စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းမရှိဘဲ ပြည်သူများထံမှ ညှစ်ယူထားသည့် ငွေကြေးများဖြင့် ရပ်တည် နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အုပ်ချုပ်ရေးမှူးအဖွဲ့သည် စစ်မှုထမ်းဆောင်ရေးအတွက်ဟုဆိုကာ ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၂,၅၀၀ ကျော်ထံမှ တစ်အိမ်လျှင် လစဉ် ၅,၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၁၂၅ သိန်း ခန့် ကောက်ခံလျက်ရှိသည်။

“စစ်မှုထမ်းမယ့်သူကို သိန်း ၄၀ ပဲ ပေးတာပါ။ ကျန်တဲ့ သိန်း ၈၀ ကျော်က သူတို့လက်ထဲမှာ လစဉ် ကျန်နေတာ။ ဒီငွေတွေကို မြို့နယ်ထွေအုပ်ထဲက လူကြီးတွေကို လိုက်ကန်တော့ပြီး သူတို့ ရာထူး မပြုတ်ဖို့ လုပ်နေကြတာ” ဟု မုပွန်ရပ်ကွက်နေ ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် မြေကွက်အရောင်းအဝယ်စာချုပ်ချုပ်ဆိုလျှင် ၁၀ သိန်းကျပ်၊ လျှပ်စစ်မီတာလျှောက်ထားရန် ထောက်ခံစာပြုလုပ်လျှင် နှစ်သိန်းကျပ်၊ ရေမီတာလျှောက်ထားရန် ထောက်ခံစာပြုလုပ်လျှင် တစ်သိန်း ကျပ်၊ အိမ်ဆောက်လုပ်ခွင့် ထောက်ခံစာ ငါးသိန်းကျပ် အဝီစိတွင်းတူးဖော်ရန် ထောက်ခံစာ ပြုလုပ်လျှင် တစ်သိန်းကျပ် တောင်းယူကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် စားဝတ်နေရေး ကျပ်တည်းနေသည့် ပြည်သူများအပေါ် အနိုင်ကျင့် ငွေညှစ်နေသော်လည်း မြို့နယ်အဆင့် အာဏာပိုင်များက ယခုကိစ္စကို သိရှိလျက်နှင့် အရေးယူဆောင်ရွက်မှု မရှိဘဲ လစ်လျူရှုထားကြောင်း ဒေသခံများက ဆိုသည်။