ဧရာဝတီတိုင်းမ်
မေ ၄ ရက်

 

အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ “Project Freedom” စီမံကိန်းအရ ဟော်မုဇ်ရေလက်ကြားမှာ လွတ်လပ်စွာ ဖြတ်သန်းသွားလာလိုတဲ့ ကုန်သွယ်ရေးသင်္ဘော တွေကို ကူညီပံ့ပိုးပေးသွားမယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

 

CENTCOM တပ်ဖွဲ့တွေဟာ ဟော်မုဇ်ရေလက်ကြားမှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်သွယ်ရေး သင်္ဘောတွေအတွက် ရေကြောင်းသွားလာမှု ပြန်လည်ရရှိစေဖို့ ‘Project Freedom’ စီမံကိန်းကို မေလ ၄ ရက်နေ့မှစပြီး ကူညီသွားမယ်လို့ လူမှုကွန်ရက် X မှာ ဖော်ပြထားပါတယ်။

 

ရေလက်ကြားကို ဖြတ်သန်းမဲ့ ကုန်သွယ်ရေးသင်္ဘောတွေအတွက် ဒုံးကျည်တင် ဖျက်သင်္ဘောတွေ၊ တိုက်လေယာဉ် အစင်း ၁၀၀ ကျော်၊ နယ်ပယ်စုံသုံး အဝေးထိန်းစနစ်သုံး စက်ပစ္စည်းတွေနဲ့ တပ်ဖွဲ့ဝင် ၁၅,၀၀၀ ခန့်နဲ့ ကာကွယ်ပေးမယ်လို့ CENTCOM က ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ ရေကြောင်းပိတ်ဆို့မှုကို ဆက်လက်ထိန်းသိမ်းထားသလို ဒီကာကွယ်ရေး မစ်ရှင်အတွက် ပံ့ပိုးကူညီမှုဟာ ဒေသတွင်းလုံခြုံရေးနဲ့ ကမ္ဘာ့စီးပွားရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်” လို့ CENTCOM တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ဒ်ကူပါက ပြောပါတယ်။

 

ဒေါ်နယ်ထရမ့်က ၎င်းရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တနင်္ဂနွေနေ့မှာ အရှေ့ အလယ်ပိုင်းစံတော်ချိန် တနင်္လာနေ့နံနက်မှစတင်ပြီး ဟော်မုဇ်ရေလက်ကြားအတွင်း ပိတ်မိနေတဲ့ နိုင်ငံ ခြားသင်္ဘောတွေကို ဘေးကင်းလုံခြုံစွာ ပြန်လည်ပို့ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

 

ဒေါ်နယ်ထရမ့်က ထိုစီမံကိန်းကို “Project Freedom” လို့ အမည်ပေးထားပြီး ပိတ်မိနေသော သင်္ဘောတွေပေါ်ရှိ သင်္ဘောသားတွေ ကျန်းမာစွာ နေထိုင်နိုင်ရေး လိုအပ်တဲ့ အစားအသောက်နဲ့ အခြားမရှိ မဖြစ်လိုအပ်သော အသုံးအဆောင်များ ပြတ်လပ်လုနီးပါး ဖြစ်နေတယ်လို့ ပြောပါတယ်။

 

ဟော်မုဇ်ရေလက်ကြား ပြဿနာတွေကြောင့် လွန်ခဲ့တဲ့ နှစ်လတာကာလအတွင်း စွမ်းအင်၊ မြေဩ ဇာနဲ့ အဓိကစက်မှုကုန်ကြမ်းပစ္စည်း ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာခဲ့ပြီး ကမ္ဘာ့ဈေးကွက်အပေါ် ရိုက်ခတ်မှုများ ဆက်လက်ရှိနေချိန် ဒေါ်နယ်ထရမ့်က အခုလို ပြောကြားခဲ့တာပါ။

 

ကိုးကား – Anadolu
Ref; US military confirms it will launch ‘Project Freedom’ to secure transit in Strait of Hormuz