ဧရာဝတီတိုင်းမ်
မေ ၄ ရက်

ထိုင်ဝမ်ဟာ အမေရိကန်နိုင်ငံရဲ့ ယုံကြည်စိတ်ချရပြီး အရည်အချင်းရှိသော မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်ပြီး အစ်ဆွာတီးနီနိုင်ငံ အပါအဝင် ထိုင်ဝမ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံရေးက များစွာသော အကျိုး ကျေးဇူးများကို ဖော်ဆောင်ပေးလျက်ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အာဖရိကတောင်ပိုင်းရှိ ဘုရင်စနစ်ကျင့်သုံးသော အစ်ဆွာတီးနီနိုင်ငံသို့ ထိုင်ဝမ်သမ္မတ လိုင်ချင် တေးရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်က ယခုလို မှတ်ချက်ပြုခဲ့တာပါ။

သမ္မတ လိုင်ချင်တေးဟာ ယခင်က ဆွာဇီလန်ဟု လူသိများသော အစ်ဆွာတီးနီနိုင်ငံသို့ မေလ ၂ ရက်နေ့တွင် မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့တာပါ။

မူလက ဧပြီလအတွင်း သွားရောက်ဖို့ စီစဉ်ထားပေမဲ့ အိန္ဒိယသမုဒ္ဒရာရှိ နိုင်ငံသုံးနိုင်ငံက တရုတ် နိုင်ငံ၏ ဖိအားပေးမှုကြောင့် ၎င်းရဲ့လေယာဉ်ကို ဝေဟင်ပိုင်နက် ဖြတ်သန်းခွင့် ငြင်းဆန်ခဲ့ခြင်းကြောင့် ခ ရီးစဉ် ပျက်ပြားခဲ့ရပါတယ်။

“ထိုင်ဝမ်ဟာ အမေရိကန် အပါအဝင် အခြားသော နိုင်ငံတွေအတွက် ယုံကြည်စိတ်ချရပြီး အရည် အချင်းရှိသော မိတ်ဖက်နိုင်ငံ ဖြစ်ပါတယ်။ ထိုင်ဝမ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံရေးတွေက အစ်ဆွာတီးနီ နိုင်ငံ အပါအဝင် ထိုနိုင်ငံတွေရှိ ပြည်သူလူထုအတွက် များစွာသော အကျိုးကျေးဇူးများကို ဖော်ဆောင်ပေး လျက်ရှိပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ထိုင်ဝမ်သမ္မတဟောင်း ဆိုင်အင်းဝမ်ကလည်း ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တို့မှာ အစ်ဆွာတီးနီနိုင်ငံ သို့ သွားရောက်ခဲ့ဖူးတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

လူဦးရေ ၁.၃ သန်းခန့် နေထိုင်ရာ အစ်ဆွာတီးနီနိုင်ငံဟာ ထိုင်ဝမ်နဲ့ တရားဝင်သံတမန်ဆက်ဆံ ရေး ထူထောင်ထားတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၂ နိုင်ငံထဲမှ တစ်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေးသြဇာ နက်နက်ရှိုင်းရှိုင်း ဖြန့်ကျက်ထားသော အာဖရိကတိုက်မှာ ထိုင်ဝမ်ရဲ့ သံတမန်မိတ်ဖက်တစ်နိုင်ငံလည်း ဖြစ်ပါတယ်။

သမ္မတ လိုင်ချင်တေးက အစ်ဆွာတီးနီအစိုးရပိုင် လေယာဉ်နဲ့ သွားရောက်ခဲ့တဲ့ ဤခရီးစဉ်အပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး ၎င်း၏ လုပ်ရပ်မှာ လမ်းမပေါ်မှာ ပြူးပြူးပြာပြာ ပြေးလွှားနေသော ကြွက်တစ်ကောင်နဲ့ တူတယ်လ်ို့ ပြောကြားခဲ့ပါတယ်။

မေလနှောင်းပိုင်း ပေကျင်းမြို့မှာ ကျင်းပမဲ့ တရုတ်-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ဧပြီလ ၃၀ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ တွေ့ဆုံခဲ့ရာမှာ ထိုင်ဝမ်အရေးဟာ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အကြီးမားဆုံးသော စိုးရိမ် ဖွယ်ရာ အချက်လို့ ပြောကြားခဲ့သည်။

မိမိတို့၏ အနာဂတ်ကို ထိုင်ဝမ်ကျွန်းပေါ်ရှိ ပြည်သူများကသာ ဆုံးဖြတ်နိုင်ပြီး ထိုင်ဝမ်အနေနဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံခွင့်ရှိကြောင်း သမ္မတ လိုင်ချင်တေးက ပြောကြားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; US calls Taiwan ‘trusted and capable’ partner, praises its ties with Eswatini